ပြင်ဦးလွင် ၉ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး) ၏ (ဆဋ္ဌမ) အကြိမ် မိသားစု ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၃ နာရီက ဘုရားကြီးရင်ပြင်၌ ကျင်းပရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိတစ်ဦးမှ ပြိုင်ပွဲနှင့်ပတ်သတ်သည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်ပေးဒိုင်အဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများ၏ အသင့်ပြင်ဆင်ထားရှိသည့် ထမနဲဖြစ်မြောက်ရေးအတွက် လိုအပ်သည်ပစ္စည်းများကို ပြိုင်ပွဲစည်းကမ်းနဲ့ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးကြည့်ရှုကြ၍ ပြိုင်ပွဲကို ဖျော်ဖြေရေး အတီးအမှုတ်နှင့်အတူ အင်တိုက်အားတိုက် တက်ညီလက်ညီ ပျော်ပျော်ပါးပါး အကပဒေသာဖြင့် ဆက်လက်ယှဉ်ပြိုင်ကြသည်။
ဆက်လက်ပြီး ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများကို အလှူရှင်များမှ ဆုများထိုက်တန်စွာ ချီးမြှင့်ကြပြီး ပြိုင်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းရိုက်ကူးကြ၍ တက်ရောက်လာသော ပြည်သူများကို ထမနဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ခရိုင်၊ ပြန်/ဆက်)


