နေပြည်တော် နိုဝင်ဘာ ၂၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ရတနာပုဏ္ဏဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်သည်။
ထိုသို့ သွားရောက်ဖူးမြော်စဉ် ပြည်ထောင်စုဝန်ကြီးသည် စွယ်တော်မြတ်စေတီတော် ပရိဝုဏ် သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြေရေး လုပ်ငန်းများဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ဝင်များအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ သွားရောက်၍ မဟာနာယကချုပ်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ အရှင်သူမြတ်အား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်းမြို့ရိုးအနောက်ဘက် စည်ရှည်တံခါးပေါက်နှင့် မြို့ရိုးများကြံ့ခိုင်မှုရှိစေရန် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေမှု၊ ပြာသာဒ်ကြီး၊ ပြာသာဒ်ငယ်အဆောင်များ ပြုပြင်ထိန်းသိမ်းနေမှု၊ နန်းမြို့ရိုးတောင်ဘက်နှင့် အနောက်ဘက်များတွင် ဆွေးမြေ့နေသည့်အုတ်များ ပြုပြင်ဆောင်ရွက်နေမှု၊ စည်ရှည်တံတားအား မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးနှင့် ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) တို့ကို စနစ်တကျ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားရှိ သုဓမ္မာဇရပ်များ အပါအဝင် သာသနိက အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ဥပုသ်တော်ရပ်ကွက်ရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားရှိ သုဓမ္မာဇရပ်တန်းကို ပြန်လည်ပြင်ဆင်ရန်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့က အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ မဟာဇေယျပထတံတား (ခ) ဦးအိုအုတ်လမ်း၏ ကြွင်းကျန်နေသောပေ (၂၆၀၀) ကျော်၏ လက်ရှိပျက်စီးနေမှုကို ပြန်လည်ပြုပြင်ရမည့် အခြေအနေနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် လမ်းများပြုပြင်ရမည့် အခြေအနေကိုလည်းကောင်း၊ အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး မြို့တည်နန်းတည် သတိုးမင်းဖျားမင်း ရုပ်တုကိုလည်းကောင်း၊ မဟာအောင်မြေဘုံစံ အုတ်ကျောင်း (ခ) မယ်နုအုတ်ကျောင်းအား မြေဝါသုတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အင်းဝယဉ်ကျေးမှုဇုန် အတွင်း ခရီးသွားများ အဆင်ပြေစွာ လေ့လာကြည့်ရှုနိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


