ဝါရှင်တန် အောက်တိုဘာ ၃၁

အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့သည် ဆက်ဆံရေးဆိုးရွားနေသည့်ကာလအတွင်း လက်နက်တင်ပို့ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် နည်းစနစ်ကျသည့်မူဘောင်တစ်ခုကို အတူတကွ ချမှတ်နိုင်ရေးအတွက် နီးကပ်စွာလုပ်ဆောင်သွားရန် သဘောတူထားကြသည်။

ပြီးခဲ့သည့်လအတွင်း ဩစတြေးလျနိုင်ငံသည် ပြင်သစ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် အဓိကပင်လယ် သင်္ဘောစာချုပ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ပြီးနောက် ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။  AUKUS ဟုခေါ်သည့် သုံးပွင့်ဆိုင် လုံခြုံရေးမိတ်ဖက် အစီအစဉ်သစ်အောက်တွင် ဩစတြေးလျနိုင်ငံသည် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ နည်းပညာအကူအညီကို ရွေးချယ်ခဲ့သည်။

ပြင်သစ်အာဏာပိုင်များက အဆိုပါစာချုပ်နှင့်ပတ်သက်၍ ဝေဖန်ခဲ့ကြသည်။ ကြိုတင်အသိပေး တိုင်ပင်ထားခြင်း မရှိသည့်အတွက် ဝေဖန်ရခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တို့သည် အောက်တိုဘာ ၂၉ ရက်က အီတလီနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။

ပြင်သစ်သမ္မတမက်ခရွန်ကမူ ယခုကဲ့သို့အခြေအနေမျိုး နောက်ထပ်မဖြစ်ပွားစေရေး အရေးကြီးသည်ဟု ပြောသည်။ ပိုမိုခိုင်မာသည့် ပူးပေါင်း ဆောင်ရွက်မှုကို တောင်းဆိုခဲ့သည်။ တွေ့ဆုံမှုအပြီးတွင် နှစ်နိုင်ငံစလုံးက ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးပစ္စည်းများ တင်ပို့မှုကို ခွင့်ပြုရာတွင် ပိုမိုထိရောက်မှုရှိစေရန်အတွက် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြသည်။

အင်န်အိတ်ချ်ကေ