မိုင်းပျဉ်း  ၅ အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မဟာဓာတ်အားလိုင်း ပြင်ပဆိုလာမီးဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးနှင့် ဝန်ထမ်းများက မဟာဓာတ်အားလိုင်းပြင်ပရှိ ပန်ဝိုင်ကျေးရွာအုပ်စု၊ မိုင်းပုအွန် ကျေးရွာအုပ်စု၊ မိုင်းမန်းကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၇) ရွာတို့တွင် NEP ဆိုလာမီးလင်းရေး ကျေးရွာစီမံကိန်း ICB-4/ DRD-2 ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တစ်အိမ်သုံးဆိုလာစနစ်နှင့် အများသုံး ဆိုလာစနစ်များ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းများကို ကမ္ဘာ့ဘဏ်အဖွဲ့၊ ဂျာမန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) စသည့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာ အကူအညီ၊ ငွေကြေးအကူအညီများ ရယူပြီး နိုင်ငံတော်ဘတ်ဂျက်၊ ပြည်သူအချိုးကျထည့်ဝင်ငွေများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါမီးလင်းရေး ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ လျှပ်စစ်စွမ်းအင်ရရှိမှုနှင့်အတူ ပညာရေး တိုးတက်မြင့်မားလာစေခြင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေခြင်းစသည့် အကျိုးကျေးဇူးများကို ကျေးလက်နေ ပြည်သူများ ရရှိစေမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မေမွန်ထွဋ်(ပြန်/ဆက်)