ရေတာရှည်  ၁၇   စက်တင်ဘာ 
       

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့အနောက် ၂ မိုင်ခန့်အကွာ ပေါက်ချောင်းကျေးရွာတောင်ဘက် ရှိ မဟာဓာတ်အားလိုင်း တာဝါတိုင်တစ်တိုင်မှာ ယခုနှစ်မိုးရာသီကာလတွင် စမိုးချောင်းရေတိုက်စားမှုကြောင့် ချောင်းတောင်ဘက်ခြမ်းရှိ မဟာဓာတ်အားလိုင်း တာဝါတိုင်အနီးထိ ရောက်ရှိလာခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ချောင်းကမ်းဘက်ခြမ်းမှ သဲအိတ်များကာရံခြင်းနှင့် ချောင်းအထက်ပိုင်းတွင် ရေကာတန်းများ ရိုက်ခြင်းတို့ဖြင့် အကာအကွယ်များ ဆောင်ရွက်ပေးခဲ့သည်။ 


ထို့အတူ အဆိုပါချောင်းရေ တိုက်စားခဲ့ရသည့်နေရာအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြို့နယ်သဘာဝဘေး ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စက်မှုတိုင်း ၂ (တောင်ငူ)မှ ဘက်ဟိုး ယာဉ်တစ်စီးဖြင့် ရေလည်သောင် များဖယ်ရှားခြင်း၊ ချောင်းမြောက်ဘက်ခြမ်းမှ ရေစီးရေလာ ကောင်းမွန်ရန်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အဆင့်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 


စမိုးချောင်းအထက်ပိုင်းရှိ ချောင်းဂွကျေးရွာတောင် ဘက်ခြမ်းတွင်လည်း ရေတိုက်စားမှုများရှိနေသဖြင့် ဒေသခံရွာသားများက ဆောင်ရွက်ပေးရန်လိုလားနေသော်လည်း ကုန်ကျငွေ ကျပ်သိန်း ၃၀ဝ ခန့်ရှိသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံဆက်လက်တင်ပြပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 

ကိုလွင်(ဆွာ)