ရန်ကုန် ၁၅ အောက်တိုဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်၌ အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ လာအိုနိုင်ငံတွင် ကျင်းပမည့် မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးညီလာခံ (11th International Conference on Public Health among Greater Mekong Sub-Region Countries) သို့ တက်ရောက်မည့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်များမှ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနများနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပညာရှင်များအားတွေ့ဆုံ၍ မှာကြားသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဝန်ကြီးဌာနမှ ပညာရှင်များအနေဖြင့် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးညီလာခံသို့ တက်ရောက်၍ မိမိတို့၏ သုတေသနစာတမ်းများ ဖတ်ကြားခြင်းနှင့် သုတေသနပိုစတာများတင်ပြခြင်း၊ အခြားနိုင်ငံများမှ ပညာရှင်များမှ ဖတ်ကြားသည့် သုတေသနစာတမ်းများနှင့် သုတေသနပိုစတာများကို လေ့လာနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးကဏ္ဍ အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ အခြားနိုင်ငံများ၏ သုတေသနဆောင်ရွက်မှုနည်းလမ်းနှင့် နည်းစနစ်များကို လေ့လာသိရှိနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ကွန်ရက်ချိတ်ဆက်မှုကိုလည်း ပိုမိုကောင်းမွန်စေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ညီလာခံပထမနေ့ ဆွေးနွေးပွဲတွင် နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သင်ကြားသင်ယူမှုနည်းစနစ်များ၊ တတ်မြောက်မှု စစ်ဆေးခြင်း နည်းစနစ်များနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံအတွက် အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊

 

ဝန်ကြီးဌာနမှ ပညာရှင်များအနေဖြင့် ထိုသို့ နိုင်ငံတကာ အတွေ့အကြုံများကို အခြေခံ၍ မိမိတို့နိုင်ငံ၏ သုတေသနလုပ်ငန်များနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချ၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခုညီလာခံနှင့် သုတေသနစာတမ်းဖတ်ပွဲမှ အတွေ့အကြုံများကို မိမိတို့ တာဝန်ကျရာတက္ကသိုလ်နှင့် ဌာနများတွင် ပြန်လည်ဝေမျှစေလိုပါကြောင်း။

 

ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် ပုံမှန်ပြုလုပ်လျက်ရှိသည့် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်းများတွင်လည်း စိတ်ပါဝင်စားသည့် ဝန်ထမ်းများ တက်ရောက်နိုင်ပါကြောင်း၊ ဝန်ကြီးဌာနမှ ပညာရှင်များအနေဖြင့် အင်္ဂလိပ်ဘာသာကို ပိုမိုကျွမ်းကျင်မှု ရှိစေရေး လေ့လာကြစေလိုပါကြောင်း၊ ကုသမှုကုထုံးဆိုင်ရာ သုတေသနများကိုလည်း ပိုမိုသင်ကြားခြင်းနှင့် သုတေသနပြု လုပ်ဆောင်ရွက်သွားစေလိုပါကြောင်း၊

 

ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၊ တက္ကသိုလ်အသီးသီးမှ ထုတ်ဝေလျက်ရှိသော သုတေသနဆိုင်ရာ ဂျာနယ်များကို စာရင်းပြုစု၍ ဝန်ကြီးဌာနမှ သုတေသနပညာရှင်များအားလုံး သိရှိစေရေး ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများကို ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ညီလာခံနှင့် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်မည့်သူများက စာတမ်းဖတ်ပွဲတွင် ဖတ်ကြားမည့် သုတေသနခေါင်းစဉ်၊ ပြသမည့် ပိုစတာနှင့် အကြောင်းအရာများကိုလည်း ကောင်းစာတမ်းဖတ်ပွဲမှ ရရှိနိုင်မည့် အတွေ့အကြုံများနှင့် ပြန်လည်အသုံးချနိုင်မှု တို့ကိုလည်းကောင်း တစ်ဦးချင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ မဟာမဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများ၏ (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးညီလာခံကို Improving Health Equities Among Greater Mekong Sub-Region Countries: A Public Health Challenge ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ ပြည်သူ့ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ သုတေသနပညာရှင်များ တက်ရောက်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှလှဝင်းက ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်