မန္တလေး ၃၁ ဒီဇင်ဘာ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာမြတ်မုနိဘုရားကြီးရှိ မြန်မာ့လက်မှု အနုပညာပစ္စည်းများပြခန်းသို့ ဖွင့်ပွဲ မတိုင်မီကပင် လာရောက်လေ့လာသူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
“ဒီပြခန်းကို ယခုနှစ် ဧပြီလကမှ စတင်ဖွင့်လှစ်ထားတာပါ၊ လာရောက်လေ့လာသူတွေ နေ့စဉ် စည်ကားလျက် ရှိပါတယ်။ အခါကြီး၊ ရက်ကြီးနဲ့ အခုလို ပိတ်ရက်တွေကတော့ အထူးစည်ကားပါတယ်၊ မြန်မာ့လက်မှု အနုပညာ ပစ္စည်းများပြခန်းတွင် မင်္ဂလာဆွမ်းအုပ်များ၊ ရွှေပန်းအိုး၊ ငွေပန်းအိုး၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ရွှေပန်းစိုက်၊ ငွေပန်းစိုက် အစရှိသော ပူဇော်ဖွယ်ပစ္စည်းများ၊ မဟာမုနိဘုရားကြီး ရွှေထီးတော်နှင့် ရွှေထီးတော်၏ သမိုင်းကြောင်းများ၊ ရွှေပန်ထိမ် ပစ္စည်းများ၊ ငွေဖလား၊ ရွှေဖလား၊ ဗုဒ္ဓဆင်းတုတော်များ၊ ဆင်းတု၊ စေတီ၊ စမ္မခဏ်များအပြင် ကွမ်းအစ်၊ ထုံးဘူး၊ ဖလား၊ ပန်းအိုး၊ ကြုတ် စသည့် မြန်မာအသုံးအဆောင် ပစ္စည်းများနှင့် ငွေလက်ကြပ်၊ ခြေကျင်း၊ ခါးပတ်နှင့် ငွေလက်ဝတ် အဆင်တန်ဆာများ၊ ငှက်ကြီးတောင်ဓား၊ လေးကင်းဓား၊ စလူဖူးဓား၊ ဓားရှည်၊ ဓားလွယ်၊ ဓားမြှောင် အစရှိသော ဓားများကို ဓားအသုံးပြုပုံ သမိုင်းများနှင့် အခြားမြန်မာ့လက်မှု အနုပညာပစ္စည်းများ စုံစုံလင်လင် ခင်းကျင်းပြသထားပါတယ်’’ ဟု ပြတိုက်ထိန်းသိမ်းရေးတာဝန်ခံ မသူသူလှိုင် က ပြောသည်။
နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်တွင် မဟာမုနိဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဘုရားဖူသူများ အထူးစည်ကားလျက်ရှိရာ ဘုရားဝင်းအတွင်းရှိ လိပ်ကန်၊ ငါးကန်၊ ကြေးရုပ်ပြတိုက်၊ သမိုင်းဝင် ပန်းချီပြခန်း၊ မြန်မာ့လက်မှု အနုပညာပစ္စည်းများပြခန်း အစရှိသော နေရာများတွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက် လေ့လာသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)