မန္တလေး ၂၀ စက်တင်ဘာ

 

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ရှိ ဗုဒ္ဓဝင်ပြတိုက်ကို ရှေးမူလက်ရာမပျက် အကြီးစားပြု ပြင်မွမ်းမံမှု လုပ်ငန်းများကို စတင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ဗုဒ္ဓဝင်ပြတိုက်ကို လာမည့် ပွင့်လင်းရာသီ ဆောင်းကာလ၌ စတင်ပြုပြင်မည်ဖြစ်ပြီး ပြုပြင်ရမည့် အပိုင်းများကို ပြတိုက်မှူးနှင့်ဗိသုကာပညာရှင်များက တိုင်ပင်ဆွေးနွေး၍ ရှေးမူလက်ရာမပျက် ပြုပြင်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပြသည်။

 

" ပြတိုက်ကို လက်ရှိအနေ အထားအတိုင်းပဲ ပြန်ပြင်မယ်။ ပြခန်းတွေတော့ပြောင်းမယ်။ လူတွေပိုစိတ်ဝင်စားအောင် ပြုပြင်မှာပါ။ ဗုဒ္ဓဝင်နဲ့ပတ်သက်တာတွေကိုတော့ အပေါ်ထပ်မှာပဲ ပြသထားမှာပါ။ ပြတိုက်မှာ မန္တလေးရဲ့ပြယုဂ်တွေကိုလဲ ပြသသွားမယ်။ ဒီအတွက်လည်း ပြခန်းပညာရှင်တွေဆီအပ်ရမှာ ပါ။ အသေးစိတ်အချက်အလက်တွေတော့ မလုပ်ရသေးဘူး "ဟု ဦးကျော်ကျော်ဦးက ဆက်လက်ပြောသည်။

 

 

ပြတိုက်တွင် မန္တလေး၏ပြယုဂ်များဖြစ်သည့် ရွှေဆိုင်းခတ်ခြင်း၊ ရက်ကန်းရက်ခြင်း စသည်တို့ကို ရုပ်လုံးရုပ်ကြွများဖြင့် သူ့အပိုင်းနှင့် သူ ပြသသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

 

လက်ရှိတွင် ဗုဒ္ဓဝင်ပြတိုက်မှာ နှစ်ကာလ ကြာရှည်နေပြီဖြစ်သည့်အတွက် ပြတိုက်အတွင်း ပြင်ဆင်ထားမှုများမှာ ဟောင်းနွမ်းဆွေး မြည့်မှုများရှိနေပြီး ဘုရားဖူးများ စိတ်ဝင်စားမှု လျော့နည်းကာ ဝင်ရောက်ကြည့်ရှုသူ နည်းပါးလျက်ရှိကြောင်း သိရသည်။

 

ဗုဒ္ဓဝင်ပြတိုက်တွင် မြတ်စွာဘုရား ဒေသစာရီကြွချီရာ ဒေသများ ပြသထားသည့် မြေပုံ၊ နတ်ပြည်တွင် အဘိဓမ္မာတရားဟောကြားပြီး ရွှေစောင်းတန်း၊ ငွေစောင်းတန်းခြံရံ ပြီး ပတ္တမြားစောင်းတန်းဖြင့် လူ့ပြည်သို့ ပြန်ကြွလာပုံနှင့် နိုင်ငံအသီးသီးရှိ ဗုဒ္ဓအမွေအနှစ်လက်ရာပန်းချီ ကားများ၊ ဓာတ်ပုံများ၊ ရုပ်ပွားတော် များ စသည့်ပြခန်းတို့ကိုပြသထားကြောင်း သိရသည်။

 

သူရိန်လင်း