မန္တလေး ၂၁ ဇန်နဝါရီ


မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီး အဝင်အထွက် မောင်းတံဂိတ်ဖြင့် ယာဉ်ရပ်နားခများ ကောက်ခံမှုကို ဇန်နဝါရီ ၁ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ပြီး တစ်ရက်လျှင်  ငွေကျပ် ၁၀ သိန်းကျော်ရကြောင်း ဂေါပကအဖွဲ့ထံက သိရသည် ။ 


ထိုသို့ အဝင်အထွက် မောင်းတံဂိတ်ဖြင့် ယာဉ်ရပ်နားခများကောက်ခံမှု လုပ်ဆောင်သည့်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့သော်လည်း ယာဉ်ရပ်နားခကို ယခင်နှုန်းထားအတိုင်းသာ ကောက်ခံခြင်းဖြစ်ကြောင်း သိရသည် ။ 


"အရင်တုန်းကလည်း ဒီလောက်ပဲ ။ အခုလည်း ဒီလောက်ပဲ ။ ဆိုင်ကယ်အပ်ခအတွက် ပိုတောင်းတာလည်းမရှိဘူး ။ အရင်တုန်းက ကန်ထရိုက်က နှစ်ရာကောက်တဲ့နေရာမှာ ငါးရာကောက်ရင်ကောက်မယ် ။ တောင်းရင်ပေးရတယ် ။ ငြင်းရင် ပြဿနာတက်တယ် ။ စကားများရတယ် ။ ခု ကားပါကင် ဆိုင်ကယ်ပါကင်အတွက် ကျကျနန လုပ်ပေးထားတယ် " ဟု မဟာမုနိ ရုပ်ရှင်တော်မြတ် ဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးစိုးဝင်း က ပြောသည် ။ 


တပ်ဆင်ထားသည့် မောင်းတံဂိတ်တွင် ကတ်စနစ်ဖြင့် ဖြတ်သန်းရမည်ဖြစ်ပြီး ကတ်အတွင်း ဝင်လာသည့် ယာဉ်ပုံအား မှတ်တမ်းတင်ထားကာ ကတ်လွဲမှားပါက မောင်းတံပွင့်မည်မဟုတ်ကြောင်း သိရသည် ။ 


"ဒီစနစ်ကိုလုပ်ဖို့ သေသေချာချာစဉ်းစားပြီးလုပ်တယ် ။ အရင်ကလို အဝင်အထွက်လျောကနဲ လျောကနဲ မထွက်ဘူး ဒါလက်ခံတယ် ။ ဒါကလည်း လုံခြုံရေးအတွက် စဉ်းစားထားတာဖြစ်တယ် ။ ဝေဖန်တာကို ခေါင်းထဲလည်းမထည့်ဘူး ။ ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့ ပဲအရေးကြီးတယ်"ဟု ဦးစိုးဝင်း က ဆက်လက်ပြောသည် ။ 


ယခင်က မဟာမုနိ ရုပ်ရှင်တော်မြတ် ဘုရားကြီးလာ ယာဉ်ရပ်နားရာနေရာအား ပုဂ္ဂလိကသို့ ချထားပေးခြင်းဖြစ်ပြီး ယခုအခါ ဂေါပကအဖွဲ့က စီမံခန့်ခွဲခြင်းဖြစ်ကြောင်း သိရသည် ။


သူရိန်လင်း