မန္တလေး ၁၆ ဖေဖော်ဝါရီ
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းစဉ်၏ နောက်ဆုံး အပြီးသတ်ရွှေမိုက် ထုတ်ယူခြင်းကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
“နောက်ဆုံးအဆင့်က သန့်စင်တဲ့ရွှေရအောင် လုပ်တဲ့အဆင့်ပါ၊ အဲဒီအဆင့်ကို အများပြည်သူကြည့်ရှုနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပေးမှာပါ၊ တစ်လခွဲလောက်တော့ ကြာဦးမှာပေါ့။ ဘုရားကြီးရင်ပြင်တော် တစ်နေရာရာကနေ Projector နဲ့ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်” ဟု မိုက်သူကြီး ဦးအောင်မိုးက ပြောသည်။
မဟာမုနိဘုရားကြီး၏ ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းတွင် အဓိကအားဖြင့် အဆင့် ၄ ဆင့်ရှိပြီး နောက်ဆုံးအဆင့်မှာ သန့်စင်သော ရွှေထုတ်ယူခြင်းဖြစ်ကြောင်းနှင့် မန္တလေး မဟာမုနိဘုရားကြီး၏ အသုံးအဆောင်ပစ္စည်းများမှ ရွှေမိုက်ထုတ်ယူတဲ့ လုပ်ငန်းကို ဖေဖော်ဝါရီ ၆ ရက်မှစ၍ ရင်ပြင်တော်ထောင့်တွင် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းခွင်ကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် သန့်စင်ပြီးရွှေရရှိသော အဆင့်အထိ မိုက်သူကြီးဦးဆောင်မှုဖြင့် အလုပ်သမား ၁၀ ဦးခန့် ပါဝင်လုပ်ကိုင်ရကြောင်း သိရသည်။
“ဒါက ဘယ်တုန်းကမှ အများပြည်သူ ကြည့်ရှုခွင့် မရခဲ့ဖူးပါဘူး၊ ဒီနှစ်တော့ တိုက်ရိုက်ထုတ်လွှင့်ပြသသွားဖို့ စိတ်ကူးရှိပါတယ်၊ ပြလည်းပြမှာပါ။ အကြိမ် (၇၀)မြောက်အဖြစ်နဲ့ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပြီ အဲဒီနေ့ မနက်ပိုင်းကစလို့ ရွှေမိုက်ထုတ်တွေကို မီးရှို့တဲ့လုပ်ငန်းနဲ့ စတင်လိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရွှေမိုက်ထုတ်ယူသောနေရာများမှာ ရွှေမိုက်ထုတ်ယူနိုင်သော ပစ္စည်းများဖြစ်သည့် ရွှေသင်္ကန်းကပ်လှူသော နေရာတွင် တစ်နှစ်တာ စုဆောင်းရရှိသော ရွှေလှောင်စက္ကူ၊ ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပုဝါ၊ မျက်နှာကြက်တော် လှည်းကျင်းသောနေရာမှ ရရှိသည့် ရွှေမှုန့်များ၊ ပလ္လင်တော်အောက် လှည်းကျင်းသည့်နေရာမှ ရရှိသည့်မြေမှုန့်များ၊ ခြေသုတ်ဝတ်များမှ ရွှေမိုက်ထုတ်ယူတာဖြစ်ပြီး ရွှေမိုက်ထုတ်ယူသောလုပ်ငန်းကို လွန်ခဲ့သော နှစ်ပေါင်း ၇၀ မှ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ရွှေပိဿာချိန် ၆ ပိဿာခွဲ၊ ၂၀၁၆ ခုနှစ်တွင် ၇ ပိဿာနဲ့ ၄ ကျပ်သား၊ ၂၀၁၇ ခုနှစ်တွင် ၇ ပိဿာခန့်၊ ၂၀၁၈ ခုနှစ်တွင် ၁၆ ပိဿာကျော်နှင့် ၂၀၁၉ ခုနှစ်တွင် ၇ ပိဿာကျော် ထွက်ရှိခဲ့ကြောင်း သိရသည်။
တင်ဇာလှိုင်(ပြန်/ဆက်)