မန္တလေး ၁၇ ဒီဇင်ဘာ
မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ လာရောက်ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဝင်ကြေးကောက်ခံရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက် စောင့်ဆိုင်းနေကြောင်း မဟာမုနိဘုရားကြီး ဂေါပက အဖွဲ့ထံမှ သိရသည်။
မဟာမုနိဘုရားကြီးသို့ လာရောက် လည်ပတ် လေ့လာသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဘုရားကြီး ဝင်ပေါက်များတွင် ကောက်ခံရေး စခန်းနေရာများ ဖွင့်လှစ်၍ ဝင်ကြေးကောက်ခံရန် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဇွန်လက မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားသော်လည်း တစ်နှစ်ကျော် ကြာမြင့်သည်ထိ ခွင့်ပြုချက် မရရှိသေးကြောင်း သိရသည်။
"ဝင်ကြေးကောက်ခံဖို့ အဆောက်အအုံတွေ ဆောက်ပြီးတာနဲ့ ကောက်မှာပါ။ ဝင်ကြေး ကောက်ဖြစ်ဖို့က သေချာပါတယ်။ အခုဝန်ကြီးချုပ်နဲ့တွေ့ခွင့်မရသေးပါဘူး။ ဝင်ကြေးကိုတော့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကျမှ သတ်မှတ်မယ်။ Center တွေကို တောင်ဘက်နဲ့ မြောက်ဘက်မုခ်အနောက်ဘက်ခြမ်း နှစ်နေရာမှာ တည်ဆောက်သွားမယ်။ Tour တွေ နားနေဖို့ အခန်းပါမယ်။ ဖိနပ်ချွတ်စင်တို့ စတာတွေလည်း ပါမယ်။ ဝန်ဆောင်မှု ပြည့်ပြည့်စုံစုံ ထားပေးမှာပါ " ဟု အဆိုပါ ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ပြောသည်။
မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ လာရောက်ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဝင်ကြေးကောက်ခံရန် ဘုရားကြီး တောင်ဘက်မုခ်နှင့် မြောက်ဘက်မုခ် အနောက်ခြမ်းတွင် Tourist Information Center နှစ်ခု တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်မည့် ဒီဇိုင်းပုံစံကို မြန်မာနိုင်ငံ ဗိသုကာ အသင်းထံမှ ဒီဇိုင်းရရှိပြီးဖြစ်ကြောင်း သိရသည်။
Tourist Information Center ကို ဂေါပကအဖွဲ့က တာဝန်ယူ ကောက်ခံသွားမည်ဖြစ်ကာ ဝင်ကြေးကို မြန်မာကျပ်ငွေဖြင့် ကောက်ခံ ပါက ငွေကျပ် ၅၀ဝဝ၊ အမေရိကန် ဒေါ်လာဖြင့် ကောက်ခံပါက သုံးဒေါ်လာခန့် ကောက်ခံရန် လျာထားကြောင်း သိရသည်။
နိုင်ငံခြားသားများကို ငွေကြေး ကောက်ခံရန် ဂိတ်ဆောက်လုပ်မှု များအတွက် ဒီဇိုင်း၊ နေရာ၊ ကုန်ကျ စရိတ်များကို ဂေါပကအဖွဲ့က တွက်ချက်ထားပြီးဖြစ်ကာ နိုင်ငံခြားသားများအတွက် ဘုရားကြီးသမိုင်းနှင့် လေ့လာစရာနေရာများ၊ နံရံ ဆေးရေး ပန်းချီများအပြင် လမ်းညွှန်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။
သူရိန်လင်း