မန္တလေး၊  ၂၁  ဒီဇင်ဘာ

 

မန္တလေးမြို့ရှိ မဟာမုနိဘုရားတွင် စုဆောင်းထားရှိသည့် ရှေးဟောင်းအမွေအနှစ် သမိုင်းဝင် ပစ္စည်းများအား အများပြည်သူ သိရှိလေ့လာနိုင်ရန် စာအုပ်အဖြစ် ပြုစုထုတ်ဝေသွားမည်ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းထံက သိရသည်။

 

မှတ်တမ်းအဖြစ်ထားရှိရန် ထုတ်ဝေမည့် စာအုပ်တွင် ရှားပါး၍  ရှေးဟောင်းသမိုင်းဝင် နံရံဆေးရေးပန်းချီများ၊ ပေစာ၊ ပုရပိုက်စာများ၊ ထူးခြားသည့် ကမ္မာဝါများ၊ ရှေးယခင်က လှူဒါန်းထားသည့် တန်ဖိုးကြီးပစ္စည်းများကို ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြကာ စုပေါင်းပြုစု ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

“ဘုရားကြီးမှာ ရှေးဟောင်းပစ္စည်းတွေရှိတယ်။ အဲဒါတွေကို စာအုပ် အဖြစ်စုစည်းပြီး ထုတ်ဝေသွားမှာပါ။ လက်ရှိအချိန်က ကိုဗစ်ကာလ ဖြစ်နေတော့ စောင့်ဆိုင်းနေတာပါ။ နံရံဆေးရေးပန်းချီတွေက ရှားပါး ပုံတွေမှတ်တမ်းတင်မယ်။ ထူခြားမှုရှိတဲ့ ရှေးဟောင်းတန်ဖိုးကြီး သမိုင်းဝင်ပစ္စည်းတွေကို စုပေါင်းပြီးတော့ စာအုပ်ထုတ်ဝေမှာပါ။ မဟာမြတ်မုနိဘုရားကြီးမှာ စုဆောင်းထားတဲ့ ရှေးဟောင်းအမွေအနှစ်များဆိုပြီး ပြုစုခဲ့မှာပါ။ ဘုရားကြီးကို လာရောက်ဘုရားဖူးမြော်သူတွေက ဒီဘုရားကြီးမှာ လေ့လာစရာအနေနဲ့ ရှေးဟောင်းအမွေအနှစ်သမိုင်းဝင် ပစ္စည်းတွေအများကြီး ရှိတယ်ဆိုတာ သိရှိဖို့လိုပါတယ်။ အဲဒါကြောင့် သမိုင်းမှတ်တမ်းအဖြစ် လေ့လာနိုင်အောင် စာအုပ်ထုတ်ဝေသွားမှာပါ” ဟု ၎င်းကရှင်းပြသည်။

 

လက်ရှိကိုဗစ်ကာလအတွင်း၌ မဟာမုနိဘုရားပရဝဏ်အတွင်းရှိ အဆောက်အဦပိုင်းများကို ပြင်ဆင်မွန်းမံမှုများ ဆောင်ရွက်နေသကဲ့သို့   ရှေးဟောင်းအမွေအနှစ် ပစ္စည်းများကိုလည်း ထိန်းသိမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဗုဒ္ဓဝင်ပြတိုက်ကိုလည်း ပြုပြင်မှုများ လုပ်ဆောင်နေသည့်အပြင် မဟာမုနိဘုရား ပုံစံငယ်အဖြစ် ဆောင်ရွက်နေကြောင်း၊ ယင်းပုံစံငယ် ပြုလုပ်ရခြင်းသည် ဘုရားကြီး၏ ပရဝဏ်အတွင်း တည်ရှိနေသည့် အရာမှန်သမျှကို နောင်လာနောင်သားများ အလွယ်တကူကြည့်ရူနိုင်စေရန် ငွေကျပ်သိန်း ၃၀၀ အကုန်အကျခံ၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)