မန္တလေး  ၁၂  ဒီဇင်ဘာ

 

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များကို ဝင်ကြေး ကောက်ခံခဲ့ရာ နိုဝင်ဘာလတွင် ငွေကျပ် သိန်း ၁၃၁၀ ကျော်ရရှိခဲ့ကြောင်း မဟာမုနိရုပ်ရှင်တော်ဂေါပကအဖွဲ့မှ သိရသည်။

 

နိုင်ငံခြားသားဝင်ကြေးကောက်ခံမှုကို ဇူလိုင် ၁ ရက်မှစတင်၍ နိုင်ငံခြားသားတစ်ဦးလျှင် မြန်မာငွေကျပ် ၅၀ဝဝ ကောက်ခံခဲ့ရာ ဇူလိုင်လမှ အောက်တိုဘာလအထိ ကျပ်သိန်းပေါင်း ၃၃၈၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

 

"ဒီလိုကောက်ခံလို့ရတဲ့ငွေတွေကို မဟာမုနိဘုရာကြီး ဘက်စုံလုပ်ငန်းတွေမှာ ပြန်လည်ပြီး အသုံးပြုပါတယ်။ ပြည်ပခရီးသွားတွေက တစ်ရက်ကို အယောက် ၅၀ဝ ကျော် ဝင်ရောက်တာကို တွေ့ရတယ်။ အခုအများဆုံးဝင်တာတော့ တရုတ်နဲ့ထိုင်းပါ " ဟု အဆိုပါဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

 

မဟာမုနိဘုရားကို ဇူလိုင်လအတွင်း ပြည်ပခရီးသွား   ၁၆၃၄၈ ဦး ဩဂုတ်လအတွင်းတွင် ၁၉ဝ၂ဝ ဦး၊ စက်တင်ဘာလအတွင်းတွင် ၁၄၇၃၆ ဦး နှင့် အောက်တိုဘာလအတွင်းတွင် ၁၇၅၃ဝ ဦး နိုဝင်ဘာအတွင်းတွင် ၂၆၂ဝဝ ဦး ဝင်ရောက်ခဲ့သည်။

 

မဟာမုနိမြတ်စွာဘုရားအတွင်း ပြည်တွင်း ပြည်ပခရီးသွားများအတွက် parking ၊Tourist Information    centre စသည်တို့ကို အပြည့်အစုံ ဖြည့်ဆည်းပေးထားသည်။

 

ထို့ပြင် ဝင်ပေါက်များတွင်လည်း လမ်းညွှန်ဆိုင်းဘုတ် တပ်ဆင်ပေးထားခြင်း၊ လုံခြုံရေးဝန်ထမ်းများမှ   ဝိုင်းဝန်ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးထားကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့မှ သိရသည်။

 

သူရိန်လင်း