ရန်ကုန် ၇ ဧပြီ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနသည် လေဆိပ်၊ ရေဆိပ်၊ နယ်စပ် ဝင်/ထွက်ပေါက် စသည်တို့တွင် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများကို အချိန်ကြာမြင့်မှုမရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိရာ မဟာသင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ဧပြီ ၁၀ ရက် ဧပြီ ၁၃ ရက်နှင့် ဧပြီ ၁၆ ရက်များတွင် အကောက်ခွန်လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဧပြီ ၁၀ ရက်တွင် ဆိပ်ကမ်းများအားလုံး အချိန်ပို ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ဧပြီ ၁၃ ရက်နှင့် ဧပြီ ၁၆ ရက်များတွင် ဆိပ်ကမ်းလုပ်ငန်းများသာမက ရုံးလုပ်ငန်းများပါ အချိန်ပိုဆောင်ရွက်ပေးမည်ဖြစ်ရာ အချန်ပိုဆောင်ရွက်ပေးမည့်အချိန်မှာ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ဖြစ်ကြောင်း။
အချိန်ပိုလုပ်ငန်း ဆောင်ရွက်လိုသူများအနေဖြင့် Myanmar Automated Cargo Clearance System (MACCS) စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဘဏ်ဖွင့်ရက်များတွင် စနစ်အတွင်းသို့ တင်သွင်း/တင်ပို့မည့် ပစ္စည်းများအတွက် ကျသင့်အခွန်အခများ ပေးဆောင်ရန် Deposit ငွေအား လုံလုံလောက်လောက် ကြိုတင်ထည့်သွင်း ထားရမည်ဖြစ်ကြောင်း။
လေဆိပ် Export လုပ်ငန်းများ ဆောင်ရွက်ခြင်းကို Mingalardon Cargo Services (MCS) မှ လေကြောင်းခရီးစဉ်ရှိပါက တစ်ရက်ကြိုတင်၍ အကောက်ခွန်တာဝန်ခံ (ထုတ်/သွင်း)/ (ကာကွယ်ရေး) သို့ အကြောင်းကြားပြီး လေယာဉ်ရောက်ရှိသည့်အချိန်တွင် တာဝန်ကျဝန်ထမ်းများမှ အချိန်ပိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
လေဆိပ် Import လုပ်ငန်းဆောင်ရွက်လိုပါက Airport Direct Delivery (APDD)ဖြင့် ညွှန်ကြားရေးမှူး (ထုတ်ကုန်/သွင်းကုန် ကြီးကြပ်ရေးဌာနခွဲ)ထံ ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး၊ ခွင့်ပြုချက်ရရှိထားသည့် ကုန်ပစ္စည်းများအား ကတိဝန်ခံချက် လျှောက်လွှာ (Under Taking) ဖြင့် လေဆိပ်တာဝန်ကျအရာရှိမှ တာဝန်ယူစိစစ်၍ ပစ္စည်းထုတ်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ပါ၍ အချိန်ပိုလုပ်ငန်း ဆောင်ရွက်လိုသူများအနေဖြင့် အချိန်ပိုဆောင်ရွက်လိုသည့်ရက်အား ဧပြီ ၉ ရက် မွန်းလွဲ ၂ နာရီထက်နောက်မကျဘဲ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ထုတ်ကုန်/ သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)ထံ လျှောက်ထားသွားရန်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
သတင်းစဉ်


