ရန်ကုန်၊ ဇန်နဝါရီ ၁၅
မဟာဝိဇ္ဇာ (ယဉ်ကျေးမှု အမွေအနှစ်ပညာ) နှင့် မဟာဝိဇ္ဇာ (ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ယခုအခါ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲမှု ပညာဌာနတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ကာ သင်တန်းကာလ (၄) နှစ်ဖြင့် ဝိဇ္ဇာဘွဲ့ အပ်နှင်းမည့် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဘာသာရပ်အလိုက် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ မဟာဝိဇ္ဇာဘွဲ့ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မဟာဝိဇ္ဇာတန်းများတွင် သင်ကြားမည့်သင်ရိုး ပြဋ္ဌာန်းစာအုပ်များ ရရှိရေး၊ ခိုင်မာသည့် သင်ရိုးများရေးဆွဲ၍ သင်ကြားမည့် ဆရာ၊ ဆရာမများ ရွေးချယ် သင်ကြားစေရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၌ မဟာဝိဇ္ဇာ (ယဉ်ကျေးမှု အမွေအနှစ် ပညာ) နှင့် မဟာဝိဇ္ဇာ (ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဖြည့်စွက် ဆွေးနွေးကြကာ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေး အပြီးတွင် ဒုတိယဝန်ကြီးသည် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်