ရန်ကုန် ၂၅ အောက်တိုဘာ
မဟတ္တမ ဂန္ဒီနှစ်(၁၅၀)ပြည့် အထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုးပွဲ အခမ်း အနားကို ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံအတွင်း၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မဟတ္တမ ဂန္ဒီအကြောင်းနှင့် အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးရခြင်း အကြောင်းကို ပြောကြားသည်။
ထို့နောက် မဟတ္တမဂန္ဒီနှစ်(၁၅၀)ပြည့်အထိမ်းအမှတ် ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ဝင် မစ္စတာရာဂျူးဂိုအင်ကာက အထိမ်းအမှတ်ပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပွဲတော်ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးခင်မောင်ချိုက မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် နံ့သာဖြူပင်စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မဟတ္တမ ဂန္ဒီ နှစ်(၁၅၀) ပြည့် အထိမ်းအမှတ်အဖြစ် နံ့သာဖြူပင်ကို မဟာဗန္ဓုလ ပန်းခြံအတွင်း သတ်မှတ် နေရာ၌ စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် ကော်မတီဝင်များ၊ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးရွှေနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - ဇော်မင်းလတ်


