ရန်ကုန် ၁၂ အောက်တိုဘာ

 

မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲများ အောင်မြင်ခြင်း ဂုဏ်ပြုညစာစားပွဲနှင့် အထိမ်းအမှတ် မဂ္ဂဇင်းစတင်ဖြန့်ဝေသည့် အခမ်းအနားကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းရှိ ရှရီဘူသ်နာထ်မဟာဒေဝ် ဘုရားကျောင်းခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူမားနှင့် ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနန္ဒ၊ သနန္တန ဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်၊ မဟတ္တမဂန္ဒီအထိမ်းအမှတ်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ဝင်းတို့က မဟတ္တမဂန္ဒီဓာတ်ပုံအား ပန်းကုံးစွပ်ပြီး ဆီမီးထွန်းညှိပေးကြသည်။

 

ယင်းနောက် အထိမ်းအမှတ် ကျင်းပရေးကော်မတီဝင် မစ္စတာရာဂျူးဂိုအင်ကာက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး မဟတ္တမဂန္ဒီ အထိမ်းအမှတ်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ဝင်းက အထိမ်းအမှတ် ဂေါပကအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက်  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာဆော်ရက် (ဘ်)ကူမား က အမှာစကား ပြောကြားပြီး အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ မဟတ္တမဂန္ဒီနှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးရွှေ၊ ကော်မတီတွဲဖက်တွင်းရေးမှူး ဦးကျော်သူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်နှင့် စာရေးဆရာ မောင်ကောင်းမြင့်တို့က အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ် စတင်ဖြန့်ဝေခြင်း အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

           

ဆက်လက်၍ စာရေးဆရာမောင်ကောင်းမြင့်က အထိမ်းအမှတ် မဂ္ဂဇင်းအကြောင်း ရှင်းလင်းတင်ပြပြီး မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဒေဝိုးမူနီးနှင့် Mr. Ravindra Jain  တို့ကအထိမ်းအမှတ် အခမ်းအနားများ ဆောင်ရွက်ခဲ့ခြင်း အစီရင်ခံစာအကျဉ်းချုပ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရှင်းလင်းတင်ပြကြသည်။

           

ယင်းနောက်   မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးရွှေက ဂုဏ်ပြုအမှာစကား ပြောကြားပြီး အထိမ်းအမှတ် အခမ်းအနားများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများနှင့် အလှူရှင်များအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ကျင်းပရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဦးကရိရှနာပါဒီက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာတက်ရောက် လာကြသူများအားဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

၂၀၁၉ ခုနှစ် ဇွန် ၂၂ ရက်တွင် ပတ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပခဲ့သည့် မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ကျင်းပရေး အစည်းအဝေးတွင် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ကော်မတီကကြီးမှူး၍ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အဖြစ် နံသာဖြူပင်များစိုက်ပျိုးခြင်း၊ ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲ၊ ဓာတ်ပုံပြပွဲနှင့် ပန်းချီပြပွဲ၊ လမ်းလျှောက်ပွဲနှင့် မဂ္ဂဇင်းထုတ်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်း - ရီရီမြင့်

ဓာတ်ပုံ - ဇော်မင်းလတ်