နေပြည်တော် ၂၇ စက်တင်ဘာ

 

အောက်တိုဘာ ၂ ရက်တွင် ကျရောက်မည့် မဟတ္တမဂန္ဒီ၏ နှစ်(၁၅၀)ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ ဆင်ဖြူတော်ရိပ်သာအနီး၌  နံ့သာဖြူပင်အား စုပေါင်းဂုဏ်ပြုစိုက်ပျိုးကြသည်။

 

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံသည် တူညီသည့်သမိုင်းကြောင်း၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများရှိခဲ့ပြီး မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ကြောင်း၊ “မဟတ္တမဂန္ဒီ”ဟု အမည်ကြားလိုက်သည်နှင့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကို ဦးဆောင်ကြိုးပမ်းရာတွင် မည်သည့်လက်နက်မျှ မစွဲကိုင်သည့် “အဟိံသ” ဟူသော အကြမ်းမဖက်ရေး သဘောတရား၊ ချိုးခြံချွေတာခြင်းအကျင့်တို့ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး မီးရှူးတန်ဆောင်ကြီးအဖြစ် မြင်ယောင်ကြမည်ဖြစ်ကြောင်း၊ မဟတ္တမဂန္ဒီသည် ၁၈၆၉ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် မွေးဖွားခဲ့သောကြောင့် ယခုနှစ် အောက်တိုဘာ ၂ ရက်တွင် နှစ်ပေါင်း ၁၅၀ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ဂန္ဒီကြီးသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း ၁၉၀၂ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်၊ သုံးကြိမ်တိုင်တိုင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းကြသည့် နိုင်ငံရေးခေါင်းဆောင်များ၊ သံဃာတော်များနှင့် ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်တွင် တွေ့ဆုံအားပေးခဲ့ခြင်းသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွက် ခွန်အားတစ်ရပ် ဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း။

 

၁၉၄၇ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့် အချိန်တွင်လည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် အထူးဝတ်ပြုဆုတောင်းပွဲကို မဟတ္တမဂန္ဒီကိုယ်တိုင် ဦးဆောင်ကျင်းပပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်းသည် မဟတ္တမဂန္ဒီ၏ ငြိမ်းချမ်းရေး သဘောတရားကို တန်ဖိုးထားအသိအမှတ်ပြုခြင်း၊ ကောင်းမွန်သည့် သမိုင်းကြောင်းကို ထိန်းသိမ်းခြင်းပင်ဖြစ်ပြီး မဟတ္တမဂန္ဒီ၏ နေထိုင်ပြုမူလုပ်ဆောင်ချက်များကို အတုယူရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေးသဘောတရားများ၏ ရှေ့ဆောင်လမ်းပြဖြစ်သော မဟတ္တမဂန္ဒီ၏ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်နံ့သာဖြူပင် စိုက်ပျိုးခွင့်ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် မဟတ္တမဂန္ဒီ၏ ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေးခံယူချက်များကို အတုယူထိန်းသိမ်းနိုင်ကြပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့စေရန်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဒေသတွင်းနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အထောက်အကူဖြစ်ပါစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးခင်မောင်ချိုက မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် နံ့သာဖြူပင်နှင့်အမှီ ပိတောက်ပင်တို့အား စုပေါင်းစိုက်ပျိုးကြသည်။

 

ထို့ပြင် ၂၀၁၉ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ ရေဆင်းဆည်အနီး၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့က ရတနာတန်းဝင် တမလန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။

 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများက သတ်မှတ်နေရာ အသီးသီးတွင် ရတနာတန်းဝင် ကျွန်း၊ တမလန်း၊ မဟော်ဂနီပင်များနှင့် မန်ဂျန်ရှားပင်များအား တစ်အုပ်တစ်မ စုပေါင်းစိုက်ပျိုးကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

ယနေ့ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၁၉ ခုနှစ်၊ စတုတ္ထအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၁၄၅၈ ပင်၊ တမလန်း ၃၃၀၊ မဟော်ဂနီ ၇၀ဝ  နှင့် မန်ဂျန်ရှား ၂၀၇၄ ပင် စုစုပေါင်း ၄၅၆၂ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

အလားတူ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီးတွင်လည်း မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများကို စတုတ္ထအကြိမ်ကျင်းပရာ တပ်မတော်တစ်ရပ် လုံးအနေဖြင့် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၃၇၅၃၄၄ ပင်အား စိုက်ပျိုးနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်

 

mdn