၁၉ ဇူလိုင်
ဟစ်တိုင်ဇာတ်ကားကြီးတွင် ဒေါင်းနီအဖြစ် အကယ်ဒမီ အိန္ဒြာကျော်ဇင်ကို မြင်တွေ့ရမည်ဖြစ်ပြီး နယ်တွင် ရိုက်ကူးရန်အတွက်လည်း အချိန်ပေးလာနိုင်သဖြင့် လက်ခံရိုက်ကူးခြင်းဖြစ်ကြောင်းအိန္ဒြာကျော်ဇင်ထံက သိရှိရသည်။
“ဇာတ်လမ်းလေးကလည်း သိပ်ကိုကောင်းပါတယ်။ ကိုယ့်ကိုလည်း လာပြီးငှားတယ်။ ဝတ္ထုကတည်းက ပေါက်ထားတဲ့ ဇာတ်ဖြစ်တယ်။ ကိုယ်လည်း သိပ်ကြိုက်ပါတယ်။ ကိုယ့်ကိုရွေးချယ်တဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ဒေါင်းနီရဲ့စိတ်ဓာတ်က မဟုတ်မခံပေါ့။ သူ့ဘဝမှာ သူ့သမီးလေးက အရေးပါဆုံး။ သူ့သမီးလေးကို ချစ်တဲ့စိတ်နဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်တယ်ပေါ့။ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့လည်း ပညာပေးတဲ့ ဇာတ်ကားလေးတစ်ပုဒ်ပါ။ ဒေါင်းနီရဲ့ စိတ်ဓာတ်ကလေးကို ဟစ်တိုင်မှာ ပြထားတာက တအားလှပတဲ့ ပြကွက်တွေပါ။ မတရားတာကို ခေါင်းငုံ့မခံတတ်တဲ့ ဒေါင်းနီပေါ့။ ဝထ္ထုကို ဖတ်တော့ တစ်ခါတည်းပြီးအောင် မဖတ်နိုင်ခဲ့ဘူး။ ရင်ထဲမှာ စို့နင့်လာလို့ ပြန်ပြီးချထားရတယ်။ စိတ်လေးပြန်လျှော့ပြီးမှ ပြန်ဖတ်ရတယ်။ တော်တော်လေးလည်း ခံစားရတယ်။ ဒီလိုအဖြစ်မျိုးဟာ မိန်းမသားဖြစ်တဲ့ မိခင်ဖြစ်တဲ့ သူတိုင်း ရင်နင့်ရမယ့် ဇာတ်မျိုးပါ”ဟု အိန္ဒြာကျော်ဇင်ကပြောပြသည်။
သက်ငယ်မုဒိမ်းမှုများကို လုံးဝပပျောက်စေချင်ကြောင်း သူကဆက်လက်ပြောကြားပြီး၊ ကိုယ်တိုင်လည်း သမီးရှင် ဖြစ်သောကြောင့် စိတ်ပူပန်မှုနှင့် လူသားချင်းစာနာမှုများကြောင့် လုံးဝလက်သင့်လည်းမခံနိုင်ဘဲ ခံစားရကြောင်း သူကပြောသည်။ ယင်းဇာတ်ကားတွင် မင်းသမီးနေရာသည် ဇာတ်ကား၏ အခရာဖြစ်ပြီး တာဝန်လည်းကြီးမားကြောင်း၊ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြောင်း သူကရှင်းပြသည်။
ကိုလင်း