ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
လူတို့နေတဲ့ ကမ္ဘာဟာ ကျွန်းစုတွေလို လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ၊ အယူဝါဒ၊ ဂုဏ်ပကာသန၊ ကျား/မ ဆိုပြီး ခွဲခြားထားတဲ့သဘောရှိတယ်။ မိမိကိုဗဟိုပြုခြင်းကို ကြည်နူးတတ်ကြပါတယ်။ ဘဝချင်းမညီ၊ အလွှာချင်း၊ ဝါဒချင်းမတူ စတဲ့အကြောင်းတရားတွေကြောင့် တစ်ဦးနဲ့ တစ်ဦး၊ အဖွဲ့အစည်းအသင်းအပင်းတို့ရဲ့ ပေါင်းသင်းဆက်ဆံမှုပုံသဏ္ဌာန်တွေဟာ ခြားနား၊ တစ်ဦးနဲ့တစ်ဦး အထင်အမြင်သေး၊ မထီမဲ့မြင်၊ မတူမတန်၊ မလေးမစား၊ အဆင့်အတန်းခွဲခြားမှုတွေ ဂိုဏ်းဂဏကွဲပြားခွဲခြားတဲ့သဘောကို တွေ့ရတတ်ပါတယ်။
(ယမန်နေ့မှအဆက်)
စည်းမျဉ်းစည်းကမ်း အသင်းအဖွဲ့ရဲ့စိတ်ဓာတ်
အားကစားတစ်မျိုးရဲ့ပြိုင်ပွဲတိုင်းမှာ သတ်မှတ် တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပါလာစမြဲဖြစ်ပါတယ်။ အားကစားသမားတိုင်းဟာ မပျက်မကွက် မမေ့ မလျော့လိုက်နာရပါတယ်။ အားကစားလုပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာမှာ နိုးကြားတက်ကြွပြီး ထက်မြက် နေတာတွေ့ရပါတယ်။ အကြံဉာဏ်တွေကို လက်ခံ နိုင်စွမ်း၊ ကြိုဆိုတဲ့စိတ်ထားရှိလာကြတယ်။ တစ်ဦး ရဲ့အရည်အချင်းကို တစ်ဦးက တန်ဖိုးထားလေးစား လေ့ရှိကြတယ်။ နှစ်ယောက်ကစ၊ ဆယ့်တစ်ယောက် ထိ ကစားသမားတွေပါဝင်တဲ့ အားကစားပွဲတွေမှာ အသင်းအဖွဲ့ရဲ့စိတ်ဓာတ် (Team Spirit)၊ ကစားဖော် ကစားဖက်စိတ်ဓာတ်ကို တည်ထောင်ပေးနိုင်ပါ တယ်။ သိပ္ပံသဘောတရားနဲ့ လက်တွေ့သုံးခြင်း အားဖြင့် တစ်ဦးနဲ့တစ်ဦး အချိတ်အဆက်မိမိ နားလည်မှုတွေရရှိစေပါတယ်။ အမူအကျင့်၊ အလေ့အထနဲ့ သဘောထားတွေကို မေ့နေလို့မဖြစ်၊ ဒီလိုအလေ့အထတွေကို၊ အခြေခံကျောင်းတွေက တက္ကသိုလ်ရောက်သည်အထိ ပွားများအောင်၊ တိုးတက်အောင်လုပ်ကြရမယ်။ လုပ်ငန်းခွင် လူထု ထဲရောက်သွားမယ်ဆိုရင်လည်း ဒါတွေပါသွားရမယ်။ ဒီလိုနားလည်မှုအပြည့်နဲ့ အတူတကွပူးပေါင်း ကစားခြင်းဆိုတဲ့စိတ်ထားဟာ လက်တွေ့မြေပြင် လူ့ဘဝလျှောက်လှမ်းကြတဲ့အခါ အလွန်တာသွား၊ အခရာကျတာတွေ့ရပါတယ်။ ဘယ်လိုအားကစား မျိုးမဆို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။ အထပ်ထပ်အခါခါ လေ့ကျင့်ကြရပါတယ်။ ခေါင်းဆောင်ရဲ့အရည်အသွေး အရည်အချင်းတွေကို အားကစားက ဖော်ဆောင်ပေးလေ့ရှိတယ်။အားကုန် လေ့ကျင့်ကြရပါတယ်။ သည်းညည်းခံစိတ်ရှိရပါ မယ်၊ ဇွဲကောင်းရမယ်ဆိုတာ သူတို့နားလည်ကြ တော့ ဘဝခရီးမှာ အထောက်အကူပြုတော့တာပါပဲ။
လုပ်ငန်းခွင်ထဲရောက်တဲ့အခါ
လူ့လောကလုပ်ငန်းခွင်မှာ လူမျိုးစုံ၊ အတွေး အခေါ်အမြင်မျိုးစုံ၊ အထက်အောက်ဆက်ဆံမှုတွေ၊ စည်းမျဉ်းစည်းကမ်း၊ စံသတ်မှတ်ချက်တွေရှိတဲ့ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အားကစားလုပ်တဲ့ သူတွေဟာ ပို၍အံဝင်ခွင်ကျဖြစ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်တွေမှာ တင်းမာမှုတွေနဲ့ စိန်ခေါ်မှုတွေရှိတဲ့အခါ အခက်အခဲပြဿနာတွေ ကြုံလာတဲ့အခါမှာ စိတ်အေးလက်အေးထား၊ အလုပ် ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ထမ်းရွက်၊ ဘယ်အကွေ့မှာ ဘယ်လိုတက်နဲ့လှော်ရမယ်။ ဘယ်လိုဂီယာထိုးရ မယ်ဆိုတာ သူတို့ပိုသိကြတယ်လို့လည်း ဆိုပါတယ်။
ပြုံးဖို့မမေ့ပါနဲ့
အားကစားပီသသူတစ်ဦးဟာ ပြိုင်ပွဲတိုင်း အမြဲတမ်းနိုင်ရမယ်လို့ ခံယူထားခြင်းမရှိ။ ထိုကဲ့သို့ပဲ ပြိုင်ပွဲတိုင်း အမြဲတမ်းရှုံးမနေဘူးဆိုတာလည်း သိကြ တယ်။ ရှုံးတော့မယ့်အရေး မြင်နေတာတောင် စိတ်ဓာတ်မကျ၊ စိတ်ထားမယိုမယွင်းတဲ့ စိတ်ထား ပဲဖြစ်ပါတယ်။ အားကစားလုပ်ခြင်းမှရတဲ့ သင်ခန်းစာ တစ်ခုကတော့ အတိတ်ကအမှားမျိုး နောက်ထပ် မမှားဖို့ဆိုတာပဲ ဖြစ်ပါတယ်။ အားကစားယှဉ်ပြိုင်ပွဲ တွေဟာ ကျောင်းတွေ၊ ကျေးရွာဘုန်းကြီးကျောင်း တွေနဲ့ တက္ကသိုလ်ကောလိပ်တွေမှာ လွှမ်းရင် စိတ်ချမ်းသာစရာကောင်းပါပြီ။ ကျေနပ်လောက် တဲ့အဆင့်ကို ရောက်ပြီလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်ပြောနိုင်ရလဲဆိုရင်−
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အိုင်ကျူ (IQ)မြင့်သလို တိုးတက်မှုတွေရှိခဲ့ပါတယ်။ အများအားဖြင့် ဂဏန်း ပေါင်းစက်မှာ အာရုံစိုက်နေကြပါတယ်။ လိုအပ် တာထက် လောဘတွေကြီးနေတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ မိသားစုတန်ဖိုးနဲ့ ပြည်သူလူထု အချင်းချင်း ကူညီရိုင်းပင်းပေါင်းသင်းကြတဲ့ တန်ဖိုး တွေ မေ့နေတတ်ကြပါတယ်။ ပြုံးဖို့မေ့နေတဲ့သူတွေ ရှိနေတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာတရား ရှေ့ထားပြီး ဆက်ဆံဖို့မေ့နေတတ်ပါတယ်။
ဂျပန်အမျိုးသမီး မာရသွန်ရွှေတံဆိပ်ဆုရှင် တာကာဟာရှိနာအာကို (Takahas Shi Naoko) ဟာ မျက်နှာလေးပြုံးကာ “ကျွန်မပန်းတိုင်ဆုံးထိရောက်နိုင်ခြင်းမှာ များစွာသောပရိသတ်ရဲ့ အကူအညီအထောက်အပံ့ အားပေးမှုကြောင့်ဖြစ် ပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ရုပ်သံသတင်း ထောက်ကို ဖြေလိုက်ပါတယ်။ ဂျပန်အားကစားသမား များဟာ ယေဘုယျအားဖြင့် တိုင်းပြည်အတွက် ယှဉ်ပြိုင်ခြင်းမဟုတ်။ များစွာတို့မျှော်လင့်သည်မှာ အားကစားပွဲတွေက ဂျပန်လူမျိုးတို့ရဲ့ သွင်ပြင်စရိုက် လက္ခဏာကို ကောင်းသည်ထက်ကောင်းအောင် ပြသရန်ဖြစ်ကြောင်းလို့ ဆိုပါတယ်။
မီတာတစ်ရာပြေးပွဲ ကမ္ဘာ့စံချိန်တင်သူများ
မီတာတစ်ရာ ကမ္ဘာ့စံချိန်တင်သူ ဂျမေကာနိုင်ငံ သား ယူစိမ်းဘို့ (Usain Bolt)ဟာ အရပ်မြင့်မြင့် သန်မာထွားကြိုင်းသူ၊ ၂၀၀၉ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က ဂျာမနီနိုင်ငံ ဘာလင်အားကစားကွင်းမှာ မီတာတစ်ရာအပြေးပြိုင်ပွဲကို ၉ ဒသမ ၅၈ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်ကို တင်ခဲ့ပါတယ်။ ယနေ့အထိ သူ့စံချိန် ကို ချိုးနိုင်သူမရှိသေးပါဘူး။ ပြိုင်ဘက် ဂျမေကာ နိုင်ငံသား ယိုဟန်ဘလိတ် (Yohan Blake) နဲ့ အမေရိကန်နိုင်ငံသား တိုက်ဆမ်ဂေး(Tyson Gay) က ၉ ဒသမ ၆၉ စက္ကန့်စံချိန်မှာပဲ ရှိနေပါတယ်။ ဒီလိုတာတိုပြိုင်ပွဲမှာ အကူပြုလေတိုက် ကန့်သတ် စံနှုန်းဟာ တစ်စက္ကန့် ၂ မီတာထက် မပိုစေရပါဘူး။ အားကစားကွင်းထဲမှာ အယ်နီမိုမီတာ (Anemo- meter)နဲ့ တိုင်းတာဖြစ်ပါတယ်။ ယူစိမ်းဘို့ ကမ္ဘာ့ စံချိန်တင်ခဲ့တဲ့ ဘာလင်အားကစားကွင်းမှာ အကူပြု ကန့်သတ်လေတိုက်စံနှုန်းဟာ တစ်စက္ကန့် သုည ဒသမ ၉ မီတာ ရှိခဲ့တာကြောင့် သူ့စံချိန်ဟာအံ့မခန်း လောက်စရာဖြစ်ခဲ့ပါတယ်။
အမျိုးသမီးမီတာတစ်ရာပြေးပွဲမှာ ကမ္ဘာ့စံချိန် တင်ခဲ့သူ သုံးဦးရှိခဲ့ပါတယ်။ ရုရှားနိုင်ငံသူ အရီနာပရီဗာလိုဗာဟာ ၁၉၉၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဘာလင်အားကစားကွင်းမှာ မီတာတစ်ရာ အပြေးပြိုင်ပွဲကို ၁၀ ဒသမ ၇၇ စက္ကန့်နဲ့ စံချိန်တင် ကာ ကမ္ဘာ့အမြန်ဆုံးပြေးခဲ့သူ အမျိုးသမီး၊ သူ့ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့သူနှစ်ဦးဟာ ဂျမေကာနိုင်ငံသူ အီလ်လိန်းသွမ်ဆမ်-ဟီရာ (Elaine Thomson– Herah) ဟာ ဂျပန်နိုင်ငံ တိုကျို အားကစားကွင်း မှာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က ၁၀ ဒသမ ၅၄ စက္ကန့်နဲ့လည်းကောင်း၊ အမေရိကန်နိုင်ငံသူ ဖလောရင့်ဂရစ်ဖက်သ်ဂျိုင်နာ (Florence Griff-eth- Joyner) ဟာ အမေရိကအင်ဒီယာနာပိုလစ် (Indianapolis) အားကစားကွင်းမှာ ၁၀ ဒသမ ၄၉ စက္ကန့်နဲ့ ပြေးခဲ့တဲ့စံချိန်ဟာ ယနေ့အထိ စံချိန် မကျိုးသေးတာ တွေ့ရပါတယ်။
အံ့ဩဖွယ်ရာကောင်းတာက မီတာတစ်ရာ အပြေးပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်သူ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးဟာ ဂျမေကာနိုင်ငံသားများ ဖြစ်တာကို တွေ့ရပါတယ်။ ကမ္ဘာ့စံချိန်ကို ချိုးခဲ့ကြ တဲ့ အားကစားသမားတို့ဟာ လေ့ကျင့်မှုပြင်ဆင်မှု၊ လုံ့လဝီရိယ ဘယ်လိုထားရမလဲဆိုတာ စဉ်းစားလို့ ရပါတယ်။ သံန္နိဋ္ဌာန်ချပြင်းပြကြံ့ခိုင်တဲ့ စိတ်ဓာတ်၊ ရည်မှန်းချက်၊ စည်းကမ်းလိုက်နာမှု၊ ကန့်သတ်တဲ့ ဆေးဝါးသုံးစွဲကင်းရှင်းမှုလိုအပ်ပုံ၊ ရှောင်ရန် ဆောင်ရန်သတိတွေ ဘယ်လောက်လိုအပ်မယ် ဆိုတာ ခန့်မှန်းလို့ရပါတယ်။
မော်စကိုတက္ကသိုလ်က ဂျာနယ်လစ်ဇင်ဘွဲ့ရ မီတာ ၁၀၀ ရုရှားအားကစားမယ် အရိနာပရီဗာလိုဗာ (Arina Privalova)ဟာ အသက် ၂၉ နှစ်အရွယ် ဥရောပရဲ့ပြိုင်ပွဲတွေမှာ အမြန်ဆုံးပြေးနိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်း အတွင်း ရှေးအကျဆုံးအားကစားကွင်းမှာ အရိနာ ပရီဗာလိုဗာကို Newsweek က မေးရာမှာ −
မေး။ နိုင်ငံတကာအဆင့်ထက် နိမ့်ကျတဲ့
ဒီအားကစားကွင်းမှာ ဆက်လက် လေ့ကျင့်မှုလုပ်နေမယ်ဆိုတာ ဘယ်လိုအကြောင်း တရားတွေကြောင့်ပါလဲ။ အလွန်အံ့ဩဖွယ်ဖြစ်နေပါ တယ်။
ဖြေ။ ကျွန်မ ဒီအားကစားကွင်းဟောင်းကြီးမှာ
၁၁ နှစ်ကြာကြာ လေ့ကျင့်မှုတွေလုပ်ခဲ့ပါ တယ်။ ကိုယ့်ပိုင်နက်၊ ကိုယ့်အိမ်လိုဖြစ်နေပါတယ်။ အနောက်နိုင်ငံတွေမှာ လူတိုင်းလိုလို အချိန်ရှိသမျှ ငွေကိုရေတွက်နေတဲ့ သဘောရှိပါတယ်။ အားကစား နဲ့ ဂျာနယ်လစ်ဇင်ပညာရပ် ဒီနှစ်မျိုးဟာ ကျွန်မဘဝ ဖြစ်ပါတယ်။
မေး။ အားကစားပြိုင်ပွဲ တာဝန်ရှိသူတို့ဟာ
စိတ်ဝင်တစား အချိန်တိုင်း နာရီများ ကိုင်ကာ ခင်ဗျားကိုစောင့်ကြည့်နေကြပါတယ်။ ဝေဖန်သုံးသပ်ဖို့အချိန်ပေးပြီး ခင်ဗျားနဲ့ ဆွေးနွေး မေးမြန်းလိုကြပါတယ်။
ဖြေ။ တကယ်တမ်းကျတော့ ဆေးဝါးတွေ
ဟာအနောက်ကပဲ လာပါတယ်။ မည်သူတွေ တီထွင်ကြပါသလဲ။ ကျွန်မထင်တယ်၊ အနောက်တိုင်းဆေးဝါး ထုတ်လုပ်သူများဖြစ်ပါလိမ့် မယ်။ ရုရှားတို့ဟာ ဆင်းရဲကြတော့ ဆေးလည်းမသုံးခဲ့ ကြပါဘူး။ ထုတ်လုပ်နိုင်စွမ်းလည်း မရှိကြပါဘူးလို့ ဖြေခဲ့တာကို ဒီဇင်ဘာ ၈ ရက် ၁၉၉၈ ခုနှစ်ထုတ် Newsweek မဂ္ဂဇင်းမှာ ဖတ်ရပါတယ်။
အရိနာပရီဗာလိုဗာကတော့ အားကစားထူးချွန် အောင် ငယ်စဉ်ကျောင်းသူဘဝမှာပင် ပြင်ဆင်ခဲ့သူ၊ ဥရောပအပြေးစံချိန်တင်တဲ့အချိန်မှာ ဘွဲ့ရရှိခဲ့သူ၊ မဟာဘွဲ့တက်ဖို့ ကျောင်းအပ်ထားသူ၊ နိုင်ငံ့ ဂုဏ်ဆောင် အမိနိုင်ငံကိုချစ်မြတ်နိုးသူ၊ ဥရောပသို့ အားကစားနည်းပြအဖြစ် အဆင့်မြင့်တဲ့ မိုးလုံလေလုံ အားကစားကွင်းမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းချက် တွေဟာ မက်မောစရာဖြစ်သော်လည်း ငြင်းပယ်ခဲ့သူ ဖြစ်ပါတယ်။
ပင်မအကြောင်းအရင်း
အားကစားလုပ်ခြင်းရဲ့ ပင်မအကြောင်းအရင်း ကတော့ ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးရေးနဲ့ ကျန်းမာ သန်စွမ်း စိတ်ကျန်းမာလန်းဆန်းဖို့ဖြစ်ပါတယ်။ ကိုယ်လက်ကျန်းမာ သန်စွမ်းခြင်းဟာ စိတ်ကိုလည်း ကျန်းမာစေတယ်ဆိုတဲ့ အချက်ပါပဲ။ အခြားသော အရည်အချင်း ကိုယ်ရည်ကိုယ်သွေးတွေဟာ ကျန်းမာရေးချို့တဲ့ရင် အသုံးမကျအလကား ဖြစ်သွားတာကို သတိချပ်ဖို့လိုပါတယ်။ အားကစား ဟုဆိုသော်လည်း အင်အားတစ်ခုတည်းပေါ်မှာ မူမတည်၊ ဉာဏ်ကူရမယ်၊ သိပ္ပံနည်းကျနည်းပညာ တွေလည်း သင်ယူကြမှ အောင်ပွဲဆင်နိုင်ပါမယ်။
အားကစားလိုက်စားသူတို့ဟာ ကျန်းမာစေတဲ့ အစားအသောက်ရဲ့အရေးကြီးပုံ၊ အနားယူအိပ်စက် ခြင်းရဲ့ အရေးကြီးပုံကို သိရှိလာကြတယ်။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု၊ ကိုယ်ကျင့်စရိုက်လက္ခဏာ ကောင်းမွန်ရေး၊ တာဝန်ယူမှု၊ ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်မှု စိတ်ထား ပေါ်ပေါက်ရေး၊ ထူးခြားတဲ့စဉ်းစားဆင်ခြင်မှု၊ အနစ် နာခံမှု၊ နိုင်ငံသားတစ်ယောက်ရဲ့အဓိပ္ပာယ်၊ နိုင်ငံ ချစ်စိတ် အမျိုးသားရေးစိတ်ဓာတ်တွေကိုလည်း အားကစားတစ်မျိုးမျိုးပြုလုပ်ခြင်းက ရနိုင်တာ ကြောင့် မြန်မာအခြေခံပညာကျောင်း၊ ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ စာသင်ချိန်အပြီး ကိုယ်လက် လှုပ်ရှားအားကစားနည်းတွေကို လုပ်ကြခြင်းဖြင့် လောကကိုအလှဆင်ပေးရာ ရောက်ပါတယ်။
နှလုံးသားဉာဏ်ရည်
ကိုယ်ကျင့်တရားလို့ခေါ်တဲ့ နှလုံးသားဉာဏ်ရည် ကို အာဂုံဆောင်ရုံဖြင့်မရနိုင်။ စာသင်ခန်းတွင်းမှာ ဆွေးနွေးညှိနှိုင်းသင်ကြားပို့ချ နားထောင်ကြခြင်း၊ ခရီးအတူသွား၊ သစ်ပင်ရိပ်အောက်မှာ အတူနား၊ သဲသောင်ပြင်မှာ အသင်းအဖွဲ့အဖြစ် အတူကစား၊ တေးဂီတနဲ့ အနုပညာပွဲတွေကသာ ကောင်းမွန်တဲ့ အကျင့်တွေကိုရနိုင်တယ်လို့ ဆိုပါတယ်။ လူ့အသိုက် အဝန်းနဲ့နေတဲ့ ဒီကမ္ဘာကြီးမှာ ဘယ်လိုကျင့်ကြံပြုမူ ကြရမယ်ဆိုတာ သင်ယူကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို သာဖြစ်ခဲ့ရင် ကမ္ဘာကြီးမှာ ပထမကမ္ဘာစစ်-ဒုတိယ ကမ္ဘာစစ်ဆိုတာ ဖြစ်ခဲ့မှာမဟုတ်၊ အစ္စရေး-ပါလက် စတိုင်းအရေး၊ နေတိုး-ရုရှား− ယူကရိန်းအရေးတွေ ဟာလည်း ဖြစ်ပေါ်စရာအကြောင်းမရှိလောက်ဘူးလို့ယူဆပါတယ်။ ဘဝတစ်လျှောက် အောင်မြင်ဖို့ လိုအပ်ချက်က စည်းကမ်း(Discipline)၊ တွန်းအား (Drive)၊ သံန္နိဋ္ဌာန်(Determination)နဲ့ စိတ်ကူး အိမ်မက် (Dream)တို့ပဲ ဖြစ်ပါတယ်။
ယနေ့အချိန်အခါမှာ အားကစားနည်းမျိုးစုံရှိရာ ပြေးခုန်ပစ်နဲ့ ဘောလုံး၊ဘော်လီဘောနဲ့ ဘတ်စကက် ဘောအားကစားပြိုင်ပွဲတွေဟာ အားကျစရာ စိတ်လှုပ်ရှားဖွယ်ရာ ပြည်တွင်း၊ ပြည်ပနိုင်ငံတိုင်းမှာ လောကကို အလှဆင်သူတွေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေတာတွေ့ရှိရပါတယ်။ ယခုလို ကမ္ဘာ့ ကပ်ရောဂါကြီးနဲ့ ကြုံတွေ့နေရသော်လည်း ကမ္ဘာ့ ပြေးခုန်ပစ်နဲ့ ဘောလုံးပြိုင်ပွဲ၊ အိုလံပစ်ပြိုင်ပွဲတွေဟာ၊ ကျင်းပမြဲအစဉ်အလာကို ထိန်းထားတာ တွေ့ရတော့ လူသားတစ်ယောက်အနေနဲ့ လွန်စွာကျေနပ်ပီတိ ဖြစ်ရပါကြောင်း ရေးသားအပ်ပါတယ်။ ။