မိဘဘိုးဘွား ပင်စင်စားစိတ်အေးချမ်းသာ

နေပြည်တော် ၂၉ မေ

ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံ့တာဝန်ထမ်းဆောင်မှုကို လေးစား အသိအမှတ်ပြုသောအားဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ စားဝတ်နေရေး အထိုက်အလျောက် ချောင်လည်စေရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်စားဝန်ထမ်းများအကြား ရာထူးအဆင့်အလိုက် ညီတူညီမျှခံစားခွင့် ရရှိစေရန်အတွက်လည်းကောင်း အဘက်ဘက်ကသုံးသပ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့သည်။ လက်ရှိတွင် အသက် ၆၀ နှင့်၈၀ ကြားရှိသည့် အငြိမ်းစားဦးရေ စုစုပေါင်း ၅၃၃၈၉၂ ဦးရှိပြီး ပင်စင်အသုံးစရိတ် နှစ်စဉ် ဘီလီယံ ၁၀ဝဝ ကျော် သုံးစွဲပေးလျက်ရှိသည်

ပင်စင်စားအငြိမ်းစားများသည် ကုန်လွန်ခဲ့သည့်ကာလများက တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။ ယခင်ကာလက ပင်စင်ခံစားခွင့် နည်းပါးသောကြောင့် ပင်စင်စားသက်ကြီး ရွယ်အိုများဘဝ ညှိုးငယ်ခဲ့ရသည်။ ဘဝနေဝင် ချိန်မလှဖြစ်ခဲ့ရသည်။ ယခုအခါ ပင်စင်ခံစားခွင့်များ တိုးမြှင့်ပေးလိုက်သောကြောင့် အငြိမ်းစား သက်ကြီးရွယ်အိုများ အတော်တန်သင့် စိတ်အေးချမ်းသာသည့် ဘဝသို့ရောက်လာခဲ့သည်။ သို့သော် ဘဏ်များတွင် လစဉ်ပင်စင် ခံစားခွင့်ထုတ်ယူသော ပင်စင်စားကြီးများ ပင်စင်လစာထုတ်ရက်၌ အဆင်မပြေမှုဖြစ်သည်ကို ကြားသိရသဖြင့် စိတ်မကောင်းဖြစ်မိသည်။

အဆိုပါ ဖြစ်စဉ်မှာ ဘဏ်တွင် ပင်စင်လစာထုတ်ပေးရက် ၂၁ ရက်နေ့တွင် ဖြစ်ခဲ့သည်။ သက်ကြီးရွယ်အို အငြိမ်းစားများအား ပင်စင်လစာ ထုတ်ပေးရာတွင် ကူပွန်စနစ်မှ တန်းစီစနစ်သို့ ပြောင်းလဲလိုက်သောကြောင့် ဖြစ်ခဲ့သည်ဟုဆိုသည်။ ဘဏ်များတွင် ပင်စင်လစာ ထုတ်ယူသော အငြိမ်းစားများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်သဖြင့်လစဉ် ၂၁ ရက်နေ့မှ နောက်လ ၂၀ ရက်နေ့အတွင်း အဆင်ပြေနှစ်သက်ရာ နေ့ရက်၊ အချိန်တွင် သက်ဆိုင်ရာအငြိမ်းစား၏ မိုလ်ဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲပေးသောစနစ်ကို စမ်းသပ်ဆောင်ရွက်နေကြောင်း သိရသည်။

အငြိမ်းစားများကိုယ်တိုင် ပင်စင်လစာထုတ်ယူစေခြင်းသည် သက်ရှိထင်ရှားရှိနေခြင်းကို စစ်ဆေးခြင်း သဘောဖြစ်သော်လည်း ပင်စင်စားကြီးများမှာ ဘဝနေဝင်ချိန် ရောက်နေသည့် သက်ကြီးရွယ်အိုများဖြစ်ပြီး ကျန်းမာရေးအရ ချွတ်ယွင်းအားနည်းနေသူများ ဖြစ်ရာ ပင်စင်လစာ ထုတ်ရက်တွင် ဒုက္ခအခက်အခဲ ကင်းဝေးရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးရမည်သာ ဖြစ်သည်။ ယခုကဲ့သို့ မိုလ်ဘိုင်းဖုန်း အစီအစဉ်တွင်လည်း သက်ရှိထင်ရှားရှိ၊ မရှိကို မိမိတို့အစီအစဉ်ဖြင့် သေချာအောင် ဆောင်ရွက်သွားရမည်သာ ဖြစ်သည်။ မှန်ကန်မှုမရှိခဲ့လျှင်လည်း သက်ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေအတိုင်းသာ ဆောင်ရွက်သွားရမည်သာ ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုကို ရန်ကုန်ဘဏ်ခွဲနှင့် မြိ့နယ်အချို့မှ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ကနဦး စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအောင်မြင်မှု အတိုင်းအတာနှင့် အငြိမ်းစားဝန်ထမ်းများ၏ တောင်းဆိုမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်ဖြစ်သည်။ မည်သို့သော အစီအစဉ်ရှိသည်ဖြစ်စေ အငြိမ်းစားဝန်ထမ်းများသည် တစ်ချိန်သောကာလက နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြ သူများဖြစ်၍ ယခုကဲ့သို့ ဘဝနေဝင်ချိန် ရောက်နေချိန်တွင် ပြန်လည်ထောက်ပံ့ စောင့်ရှောက်ခြင်းလည်းရောက်၊ ကျေးဇူးဆပ်ရာလည်း ရောက်သည့် ပင်စင်လစာငွေကို လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်ရေး အလေးထား ဆောင်ကြဉ်းပေးသင့်ပေသည်။

သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးပြီးသော နိုင်ငံမဟုတ်သေးသော်လည်း တာဝန်ကျေပွန်ခဲ့သော အငြိမ်းစားဝန်ထမ်းများအား နိုင်ငံ့ဘဏ္ဍာ အမြောက်အမြား အကုန်အကျခံကာ လစဉ်တိုးမြှင့်ပင်စင် လစာငွေများကို အဆင်ပြေစွာ ထုတ်ပေးလျက်ရှိသည့်နည်းတူ သက်ဆိုင်ရာတို့ကလည်း မိမိတို့၏ မိဘဘိုးဘွားအငြိမ်းစားများ စိတ်အေးချမ်းသာစွာဖြင့် ပင်စင်လစာများ လွယ်လင့်တကူ ထုတ်ယူရရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ကြေးမုံ