တက္ကသိုလ်ပွင့်သူအောင်
တပေါင်းလသည် “တပေါင်းသာခေါင် လများနောင်” ဟူ သော ဆိုစကားနှင့်အညီ မြန်မာ့တစ်ဆယ့်နှစ်လ ရှိသည့်အနက် နောက်ဆုံးလဖြစ်သည်။ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်၍ လ၏ ပထမ ၁၅ ရက်သည် ဆောင်းရာသီတွင် အကျုံးဝင်ပြီး ဒုတိယ ၁၅ ရက်သည် နွေရာသီ၌ အကျုံးဝင်သောကြောင့် ဆောင်းအကုန်နွေအကူး ရွှင်မြူးဖွယ် သာယာလှပသော ရာသီ ပင်ဖြစ်သည်။ အထူးသဖြင့် နေ့အခါတွင် အတော်အသင့် ပူလာသော်လည်း ညရောက်လာသောအခါ ဆောင်းရာသီ မကုန်တတ်သေး၍ မြောက်လေညင်းနှင့် ဆောင်းနှင်းကြွင်းတို့ ရှိနေဆဲဖြစ်သည်။ ရှေးလူကြီးတို့က “နေ့ပူလို့ ညချမ်း တပေါင်းလသရမ်း” ဟု ဆိုခဲ့ကြသည်။ ခါနွေပြောင်းစ တပေါင်းလတွင် ပတ်ဝန်းကျင်တစ်ခုလုံး သစ်ပင်ပန်းပင်အပေါင်းတို့မှာ ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေလျက်ရှိသည်။ ဖူးစအသစ် မြပုရစ်တို့ဖြင့် စိမ်းလန်းစိုပြည်နေသကဲ့သို့ မိုးကောင်းကင် ပြာလဲ့လဲ့တွင် “တပေါင်းလည်းကူး၊ မိုးသားကျူး” ဟူသော စာဆိုနှင့်အညီ မိုးသားတိမ်လိပ်တို့ ဟိုမှသည်သို့ တရိပ်ရိပ် တရွေ့ရွေ့ ပြေးလွှားနေကြသည်။
ထို့ကြောင့် ရှေးစာဆိုတော်ကြီးဦးကြင်ဥက “ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ ပတ်လည်၊ သဇကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့် ငယ်တို့ ဖူးကွန့်ကိုယ်စီ။ ဘမရာရွှေပိတုန်းငယ်တို့၊ ကြွေသုံး ကြဝတ်ရည်၊ ညွတ်ကြည်ဖွဲ့ဖော်ကွဲ။ ယင်းသည့်နေ့တိုင် ရသေ့ သူတော်တိုင်မှ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်။ ရာသီတွင် စာညီပြောပေပ၊ ကျော၍သာမြဲ” ဟူ၍ တပေါင်းလ၏ သာယာ ပုံကို စာပန်းချီခြယ်မှုန်းခဲ့သည်။
တပေါင်းလ၏ အဓိပ္ပာယ်
တပေါင်းကို ပုဂံခေတ်ထိုး ကျောက်စာများ၌ “တပေါင်” ဟုရေးထိုးခဲ့သည်။ အင်းဝခေတ်တွင်မူ ဝိသဇ္ဇန ရေးထုံးပေါ် လာပြီဖြစ်၍ ယခုခေတ်ကဲ့သို့ ‘တပေါင်း’ ဟု ရေးသားခဲ့ကြသည်။ ဝေါဟာရဇိနတ္ထဒီပနီကျမ်းက “တပေါင်း” ကို ပူပန်ခြင်းကင်း သောလ၊ နွေရာသီသို့ ကျရောက်သောလဟု အဓိပ္ပာယ်ဖွင့် ဆိုသည်။ မြန်မာလအမည်များစာအုပ်၌ “တ” သည် တန်း၊ ထန်းဖြစ်ပြီး “ပေါင်း” သည် ချက်ပြုတ်ခြင်း၊ ကျိုခြင်း အဓိပ္ပာယ်ရသဖြင့် တပေါင်းဟူသည် ထန်းရည်ကို ထန်းလျက် ဖြစ်အောင် ကျိုချက်သောလ “ထန်းချက်လ” ဟု အဓိပ္ပာယ် ဖွင့်ဆိုလေသည်။ ဗေဒင်အလိုအားဖြင့် တပေါင်းလကို မိန်ရာသီ ဟုခေါ်သည်။ ငါးဟု အဓိပ္ပာယ်ရသည့် ပါဠိပုဒ်မိနမှ မိန်ဟု ဖြစ်လာသည်။ အဓိပ္ပာယ်မှာ ငါးများရွှင်မြူးကြိုက်နှစ်သက်သော ရာသီ(ဝါ) ငါးနှစ်ကောင်ရုပ်ရှိသော ရာသီဟု ဆိုလိုသည်။ စန်းယှဉ်နက္ခတ်မှာ ဥတ္တရဘရဂုဏီဖြစ်သည်။ တပေါင်းလ၏ ရာသီပန်းမှာ သရဖီပန်းဖြစ်သည်။
မိဘကျေးဇူးဆပ်ခြင်း
မဟာဗုဒ္ဓဝင် အတ္ထုပ္ပတ္တိမှာ မဂ္ဂမဟေသီမာယာဒေဝီ မိဖုရားကြီးသည် အံ့ချီးလောက်သည့် အိပ်မက်တို့ကြောင့် သားဦးရတနာ ရတော့မည်ဟု လက်ရုံးဆန့်တန်းဝမ်းပန်းတသာ ဂုဏ်ယူခဲ့သည်။ ထိုနေ့သည် မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလ ပြည့် ကြာသပတေးနေ့ဖြစ်သည်။ မာယာဒေဝီမိဖုရားကြီးသည် မပေါ့မပါး သန္ဓေသားကို ဖွားလုနီးနီးမှာ ဇာတိစံရာဒေဝဒဟပြည်ကြီးသို့ ထွက်တော်မူခဲ့သည်။ ထို့နောက် နှစ်ပြည်ထောင် ကြား လုမ္ဗိနီဥယျာဉ်တော်တွင် သားတော်သိဒ္ဓတ္ထကုမာရကို ဖွားမြင်တော်မူခဲ့သည်။ ထိုနေ့သည် မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ဖြစ်သည်။ သက်တော်တစ်ဆယ့် ခြောက်နှစ်အရွယ်၌ သုဒ္ဓေါဒနမင်းကြီးသည် ညီတော်ဖြစ်သော ဒေဝဒဟပြည့်ရှင်ဘုရင် သုပ္ပဗုဒ္ဓ၏ သမီးတော် ယသောဓရာ ဒေဝီနှင့် ထိမ်းမြားပေးတော်မူသည်။ ထို့နောက် ကပိလဝတ်ပြည် အလုံးနှင့် ရွှေနန်းစည်းစိမ်ကိုပါ လွှဲပေးကာ မင်းပြုစေသည်။
“သိဒ္ဓတ္ထအလောင်းတော်မြတ်သည် ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော်ကဏ္ဍက မြင်းကိုစီးလျက် ဖွားဖက် တော် ဆန္ဒအမတ်၊ နောက်တော်ခေါ်ကာ မဟာနိက္ခမ ထွက်ကြွတော်မူလေပြီ” ဟူသော သုဒ္ဓေါဒန ဘုရင်ကြီးအတွက် သတင်းဆိုးကြီးကို ကြုံတွေ့ခဲ့ရသည်။ ထို့နောက် အကြီးဆုံး၊ အမြင့်ဆုံး၊ အမြတ်ဆုံးသတင်းမှာ “သိဒ္ဓတ္ထမင်းသားသည် ဗုဒ္ဓစင်စစ် ဘုရား အဖြစ်သို့ ရောက်တော်မူ ပြီဖြစ်ကြောင်း” ဟူသော နှစ်ထောင်း အားရသတင်းစကားကို သုဒ္ဓေါဒနဘုရင်ကြီး ကြားသိလိုက်ရပြန် သည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့သည် ထူးမြတ်သောနေ့ဖြစ်သည်။ သုဒ္ဓေါဒနမင်းကြီးက ကာဠုဒါယီ အမတ်ကို ဆောင်းဥတုကုန်လွန် နွေဥတုအပြောင်း သာယာ လှပသောအခါသမယ၌ သားတော်မြတ်စွာ ဘုရားရှင်အား ခမည်းတော်ရှိရာသို့ ပင့်လျှောက်ရန် တောင်းပန်သည်။ ထိုစဉ်က မြတ်စွာဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူရန် ခရီးစဉ်၌ ဂမနိယဝတ်ကို ပြည့်စုံစေသော မာဂဓတိုင်းသား သံဃာ တစ်သောင်း၊ ကပိလဝတ်မြို့သား သံဃာတစ်သောင်း ခြံရံလျက် တပေါင်းလပြည့်ကျော် ၁ ရက်နေ့၌ ရာဇဂြိုဟ်ပြည်မှ ထွက်ခွာ တော်မူလာခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ၄၅ ဝါကြာသော ဘဝခရီးတစ်လျှောက်၌ အထူးပင် အရေးပါ၍ အရာရောက်ပြီး အလွန်ရှည်လျားသောခရီးကို ကြွချီတော် မူခြင်းပင်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ယူဇနာ ၆၀၊ မိုင်အားဖြင့် မိုင် ပေါင်း ၇၂၀ ခရီးကို တစ်နေ့လျှင် တစ်ယူဇနာ(တစ်ဆယ့်နှစ်မိုင်နှုန်း)ဖြင့် ခြေကျင်ခရီးကို ကြွတော်မူသည်။ ထိုခရီးသည် ကျက်သရေ ပေါင်းများစွာဖြင့် ပြည့်ဝလှပြီး နှစ်လတိတိကြာမြင့်ခဲ့သည်။ သုဒ္ဓေါဒနမင်းကြီးသည် သားတော်ဖြစ်သူ ဗုဒ္ဓမြတ်စွာဘုရားရှင် အား ပင့်ရန် ခေါင်းဆောင်အမတ် ၁၀ ဦးတို့ကို နောက်ပါအြွေခအရံ တစ်ထောင်စီဖြင့် ၁၀ ကြိမ်ခွဲကာ ရာဇဂြိုဟ်ပြည်သို့ စေလွှတ်တော် မူသည်။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်း ဆောင်သွားခဲ့သည်။ ကာဠုဒါယီအမတ်ကြီးက ဂါထာပေါင်း ခြောက်ဆယ်ကျော်ဖြင့် ဖွဲ့ နွဲ့တင်လျှောက်ခဲ့သည်။ ကာဠုဒါယီ အမတ်ကြီးက “မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား... ဆောင်းနှောင်းနွေဦးတပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်းလှပါဘုရား။ ပူလည်း မပူလွန်းလှပါဘုရား။ ကောက်ပဲ သိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှားပါးခေါင်းပါးခြင်း၊ ဆာလောင် ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား။ မြေပြင်သည်လည်း နေရာ မြက်ညွန့်တို့ ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည် လန်းဆန်းနေပါသည်ဘုရား။ ဆောင်းနှောင်းနွေဦးတပေါင်းလ ဤအခါထူးသည် မွေးရပ်ဌာနီကပိလဝတ်ပြည်သို့ ကြွချီရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား” ဟူ၍ လျှောက်ထားခဲ့သည်။ ဤအကြောင်းကို ပါဠိတွင် “နာတိ သီတံ နာတိဥဏှံ၊ နာတိဒုဗ္ဘိက္ခ ဆာတကံ၊ သဒ ́လာဟရိတာ ဘူမိ၊ ဧသကာလောမဟာမုနိ” ဟု တွေ့ရသည်။
ဂါထာခြောက်ဆယ်ပျို့တွင် စာဆိုပညာရှင်ကြီး ရှင်မဟာ သီလဝံသ၏ တပည့်ဖြစ်သော စာဆိုပညာရှင် ရှင်အုန်းညိုက မြတ်စွာဘုရားပြည်တော်ပြန်ရန်အလို့ငှာ “မွေးဘသုဒေ ̈ါ၊ ဒကာ တော်နှင့် ယသောဓရာ၊ ဗိမ္မာမြောက်သား၊ သည်းချာရာဟု၊ မြော် ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင် နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တစ်သောင်းဗိုလ် တွင်၊ ကျွန်ကို နောက်ဆင့်၊ ချီပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်း ဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှ ပျော်မှု၊ သည်ရတု၌ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြစ်ပေါသည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ ဆောင်းပန်တွာသည်၊ သွားခါကာလ တန်ပြီဘုရား” ဟူ၍ စပ်ဆို ထားသည်။ ထိုနေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်း လပြည့်နေ့ပင်ဖြစ်သည်။ ထိုသို့ကာဠု ဒါယီမထေရ်က ကပိလ ဝတ်ပြည်သို့ ကြွရောက်တော်မူပါရန် လျှောက်ထားသည်ကို အကြောင်းပြု၍ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓမြတ်စွာ ပြည်တော် ဝင်အခါတော်နေ့သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့ ကြသည်။
မြတ်စွာဘုရားထံ စေလွှတ်လိုက်သော ရှေးယခင်အမတ် များသည် မြတ်စွာဘုရားနှင့်တွေ့ ၍ တရားနာရသောအခါ ကပိလဝတ်ပြည်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူ အားလုံးတစ်ယောက်မကျန် သာသနာ့ဘောင်သို့ ဝင်ရောက် ပြီး ဧဟိဘိက္ခုရဟန်းများချည်း ဖြစ်ကုန်ကြသည်။ ကာဠုဒါယီ ၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟ္တာပေါင်း နှစ်သောင်းခြံရံလျက် ကပိလဝတ်ပြည်သို့ ကြွချီတော်မူခဲ့ရာ သာသနာတော်သမိုင်း၌ အကျိုးဆက်များစွာ ဖြစ်ပေါ်ခဲ့သည်။
ဖြစ်ပေါ်လာသော အကျိုးဆက်များ
ခမည်းတော်၏ ကျေးဇူးကိုဆပ်ရန် သိတတ်သောအားဖြင့် မွေးရာဇာတိ ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော် မူလာခြင်းဖြင့် အောက်ပါအကျိုးဆက်များဖြစ်ပေါ်ခဲ့သည် -
(က)နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း၊
(ခ) သာကီဝင်မင်းမျိုး၏ မာန်စွယ်ကို နုတ်ပယ်သော အားဖြင့် ပေါက္ခရဝဿမိုးကို ရွာသွန်းစေခြင်း၊
(ဂ)ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿ္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း၊
(ဃ) မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရသဖြင့် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး အနာဂါမ်တည်ပြီး နောင်သောအခါအရဟတ္တဖိုလ်တည်ခြင်း၊ မိထွေး တော်ဂေါတမီသောတာပန်တည်ခြင်း၊ နောင်အခါ ဘိက္ခုနီသာသနာထူထောင်ခွင့်ကြုံခြင်း၊
(င)ယသောဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ် တော်ကြီး ဟောကြားခြင်း၊
(စ)ဇနပဒကလျာဏီ၏ ကြင်ရာတော် နန ́မင်းသား ရဟန်းဖြစ်ခြင်း။(ဆ) သားတော်ရာဟုလာအမွေတောင်း၍ သာမဏေ ဘဝသို့ ရောက်ရှိခြင်း။
(ဇ)သာကီဝင်အမျိုးမှ မင်းသားတစ်ထောင် ရဟန်း ဘောင်သို့ ရောက်ရှိခြင်း။
(ဈ)ဆွေမျိုးတို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြင့်မြတ်ဆုံးဘွဲ့ “ကုလပ္ပသာဒ” ဧတဒဂ်ကို ကာဠုဒါယီမထေရ်အား ချီးမြှင့်ခြင်း။
(ည) အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓဝင် သာသနာကို ဟောကြားတော်မူခြင်း။
ထို့ကြောင့် မိဘကျေးဇူးဆပ်ခြင်းနှင့် မြတဗုဒ္ဓပြည်တော် ဝင်အခါတော်နေ့ဖြစ်သည့် တပေါင်းလပြည့်နေ့တွင် ဗုဒ္ဓ မြတ်စွာဘုရားအား ရည်မှန်း၍ ဂုဏ်တော်ကျေးဇူးတော်များကို အောက်မေ့ကာ ပူဇော်ပွဲများ နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။
မြန်မာ့အလင်း