မန္တလေး ၁၁ စက်တင်ဘာ
မန္တလေးမြို့မှ ငှက်ချစ်သူများမှာ မိဘမေတ္တာပြ သင်္ကေတ ငှက်သဘာဝများကို ဥစတင်ဥသည့်အချိန်မှစကာ စောင့်ကြည့်ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် ငှက်ချစ်သူများ ကြည့်ရှုနိုင်ရန် ငှက်ဓာတ်ပုံပြပွဲများကိုပါ ပြုလုပ်မှုများလာကြောင်း သိရသည်။
ငှက်ချစ်သူများမှာ ငှက်မျိုးစုံ၏ သဘာဝနှင့် ဥချိန်၊ အကောင်ပေါက်ချိန်များကိုပါ စနစ်တကျ လေ့လာရိုက်ကူးကြသည်။ ငှက်ဓာတ်ပုံ ရိုက်ကူးမှုသက်သက်ကိုသာ ငှက်ချစ်သည့်စိတ်ဖြင့် ရိုက်ကူးခြင်းဖြစ်ပြီး ရသမြောက်ငှက်ဓာတ်ပုံများကို ပြိုင်ပွဲဝင်ခြင်း အလှဓာတ်ပုံ ရောင်းချခြင်းများ ပြုလုပ်ခြင်းမရှိဘဲ အလေးထားရိုက်ကူးကြသည်။
လက်ရှိကာလ မန္တလေးမြို့မှ ငှက်ချစ်သူများမှာ စွေ့ငှက်နှင့် မိုးဆောင်ငှက် (White-throated Babbler and pied Cuckoo Chick) တို့၏ မိဘမေတ္တာဘွဲ့ အလှပုံရိပ်ကို နေ့စဉ်စောင့်ကြည့် မှတ်တမ်းတင် ရိုက်ကူးလျက်ရှိသည်။ စွေ့အသိုက်အတွင်းသို့ မိုးဆောင်ငှက်မှ ဝင်ရောက်ကာ ဥများဥထားသည့်အတွက် ငှက်အကောင်ပေါက်သည့်အခါ စွေ့ငှက်မှာ မိုးဆောင်ငှက်ပေါက်ငယ်ကို သူ့သားအမှတ်ဖြင့် အစာရှာကျွေးသည့် မိဘမေတ္တာ သင်္ကေတပြ အလှမြင်ကွင်းပင်ဖြစ်သည်။
မိဘမေတ္တာဘွဲ့ပုံများ ရရှိစေရန်အတွက် ငှက်သားပေါက်ချိန်မှ စတင်ကာ မိခင်းအရင်း လာခေါ်သည့်အချိန်အထိ စောင့်ကြည့်ရိုက်ကူးကြရသည်။
မိဘမေတ္တာပြ ငှက်အလှပုံများ ရိုက်ကူးရာတွင် ပုံအရည်အသွေးကောင်းများ ရရှိစေရန်အတွက် တစ်စက္ကန့်လျှင် (၇)ပုံမှ (၁၁)ပုံအထိ ရိုက်ကူးနိုင်သည့် ကင်မရာများဖြင့်ရိုက်ကူးကြရသည်။ အများစုမှာ Nikon –D500. D7100. D7200 များဖြင့် ရိုက်ကူးလေ့ရှိသည်။ လက်ရှိကာလတွင် စွေ့နှင့် မိုးဆောင်ငှက်တို့၏ မိဘမေတ္တာပြသင်္ကေတများကို နေ့စဉ်စောင့်ကြည့်ရိုက်ကူးလျက်ရှိပြီး မိခင်အရင်းလာခေါ်ကာ ဌာနေပြန်သည်အထိ စောင့်ကြည့်ရိုက်ကူးကြမည်ဖြစ်ကြောင်း မန္တလေးမြို့မှ ငှက်ချစ်သူဆရာ Solo MDY မှရှင်းပြသည်။
တိမ်တမန်
ဓာတ်ပုံ- Solo MDY


