ဧပြီ ၉
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ ပေးသွင်းရသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်ကြေးများကို ဧပြီ ၁၀ ရက်မှစ၍ သင့်တင့်သောကာလအထိ ထက်ဝက်လျှော့ချပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဧပြီ ၉ ရက်တွင် ပြောသည်။
"မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဧပြီ ၁၀ ရက်နေ့ကစပြီး သင့်တင့်သောကာလအထိ တစ်ဝက်တိတိ လျှော့ချပေးသွားမှုဖြစ်ပါတယ်၊ ဆိုလိုတာကတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို ပေးသွင်းရတဲ့ လုပ်ငန်းဆောင်ရွက်မှုကြေးတွေကို ထက်ဝက်လျှော့ချပေးသွားမှာ ဖြစ်ပါတယ်၊ ဒီဟာတွေကိုလည်း COVID-19 ကာလ ပြီးဆုံးတဲ့အချိန် သတ်မှတ်တဲ့အထိကို ကာလတစ်ခုသတ်မှတ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ဦးသန့်စင်လွင်က ပြောသည်။
မြန်မာနိုင်ငံသည် ဘတ်ဂျက်စနစ်ဖြင့် တွက်ချက်ရသည်ဆိုသော်လည်း COVID-19 ကာလ ပြီးဆုံးသည့်အချိန် သတ်မှတ်သည်အထိကို ပြင်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုစေနိုင်သည့် ကျန်းမာရေးအထောက်အကူပြု နေ့စဉ်သုံး Mask ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေးနှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်မည့် လုပ်ငန်းများ တင်ပြလာပါက လျင်မြန်စွာ ခွင့်ပြုနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိထားကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေဖြင့် ပြည်တွင်းလုပ်သားများ အလုပ်အကိုင်ရရှိရေးအတွက် လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းသစ်များအနက် လုပ်သားအခြေပြုလုပ်ငန်းများ၊ အခြေခံအဆောက်အအုံ ဆောက်လုပ်သည့် လုပ်ငန်းများကို ဦးစားပေးခွင့်ပြုပေးရန် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးသန့်စင်လွင်က ဆက်ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်ပြီး COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို မတ်လ ၁၃ ရက်က အဖွဲ့၀င်ကိုးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီအနေဖြင့် ချေးငွေများ ထုတ်ချေးရေးအပြင် သက်ဆိုင်ရာဌာနအလိုက် ဖြေလျှော့မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
"COVID-19 အလွန် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီကိုလည်း ချမှတ်ပေးထားပြီး ဖြစ်ပါတယ်၊ ဒါကြောင့် ရိုက်ခတ်လာတဲ့ အချက်အလက်များကိုလည်း စောင့်ကြည့်လေ့လာရေး အဖွဲ့ကိုလည်းဖွဲ့ပြီး လေ့လာစောင့်ကြည့်လျက်ရှိပါတယ်၊ ထို့အတူဘဲ COVID-19 ကြောင့် ထိခိုက်မှုရှိတဲ့ နေရာတွေကိုလည်း နိုင်ငံတော်ရဲ့ ချေးငွေထောက်ပံ့ရေးအပိုင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့က ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်"ဟု ဦးသန့်စင်လွင်က ဆက်ပြောသည်။
လက်ရှိ ချေးငွေလျှောက်လွှာများ လက်ခံလျက်ရှိရာ စတင်သည့်အချိန်မှ ဧပြီ ၇ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချေးငွေလျှောက်လွှာပေါင်း ၇၉၆ စောင် လက်ခံရရှိပြီး လုပ်ငန်းရှင်များမှ ချေးရန်တောင်းခံငွေ ပမာဏ ကျပ်ငွေ ၁၂၇ ဘီလီယံရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ချေးငွေများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ စီစစ်ရေးအဖွဲ့နှင့် ချေးငွေထုတ်ပေးရေးအဖွဲ့တို့က လုပ်ငန်းစဥ်များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ချေးငွေများ အမြန်ဆုံး ထုတ်ပေးနိုင်ရေးကိုလည်း အမြန်ဆုံး ဆောင်ရွက်နေကြောင်း သိရသည်။
သို့ဖြစ်၍ COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုများကို အတိုင်းအတာတစ်ခုအထိ ကုစားပြီး ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ သိရသည်။
ငြိမ်းငြိမ်း


