ရန်ကုန် ၂ နိုဝင်ဘာ
`` Victoria ´´ရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ဏကြီး ရိုက်ကူးထားသည့် "မီ" ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ ၊ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး နိုဝင်ဘာ ၉ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။
သရုပ်ဆောင် နေတိုး က "ဒီကားကတော့ ခေတ်ဟောင်းပုံစံဇာတ်ကားထဲမှာ လိုလေသေးမရှိအောင် အတတ်နိုင်ဆုံး ရိုက်ထားတဲ့ကားပါ။ "မီ" ဝတ္ထုကို စဖတ်ကတည်းက သော်ဆွေဆိုတဲ့ ဇာတ်ကောင်ကို စိတ်ဝင်စားတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ ဇာတ်ကောင် အပေါ်မှာပဲ အာရုံ စိုက်ပြီးတော့ လုပ်ခဲ့တယ်။ "မီ" ကိုစွဲလမ်းခဲ့တာတွေကို မရိုက်ခင်ကတည်းက ဒါရိုက်တာနဲ့တိုင်ပင်ပြီး တစ်ဆင့်ချင်း လုပ်ခဲ့တာပါ။ "မီ" ဝတ္ထုကို ဖတ်ပြီးသား ပရိသတ်တွေအနေနဲ့လည်း ဒီရုပ်ရှင် ဇာတ်ကားကို ကြိုက်လိမ့်မယ်လို့မြင်ပါတယ်" ဟုပြောသည်။
အဆိုပါ ဇာတ်ကားတွင် နေတိုး၊ ပိုင်ဖြိုးသု၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက် နှင့် အခြားသော အနုပညာရှင်များ ပါဝင်ပြီး ၁၉၅၀ ခုနှစ်ကာလ ကို အခြေခံကာ ရိုက်ကူးထားသည့် ဂန္ထဝင် အချစ် ဇာတ်ကားဖြစ်သည်။
သရုပ်ဆောင် မင်းဦး က " ဒီကားလေးဟာ ခေတ်ကာလတစ်ခုကို ပေါ်လွင်အောင် ရိုက်ကူးထားတယ်။ အဲဒီခေတ်ကိုအားလုံး ပီပြင်အောင်ရိုက်ထားတယ်။ အဝတ်အစားတွေကိုလည်း အဲဒီခေတ်ကတိုင်း ဝတ်ဆင်ခဲ့ရတယ်။ အဲဒီအတွက် ဂုဏ်ယူမိပါတယ်"ဟု ပြောသည်။
သရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့ဝင်အားလုံး အစွမ်းကုန်ကြိုးစားထားကြောင်း၊ လိုအပ်ချက်များ ရှိပါကလည်း ခွင့်လွှတ်ပေးစေရန်နှင့် နောက်ထပ်ရိုက်ကူးမည့်ကားများကိုလည်း ယခုထက် ပိုမိုကောင်းမွန်အောင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောသည်။
သရုပ်ဆောင် သားညီက "ကျွန်တော် ဒီဇာတ်ကားမှာ အခန်းတွေ အများကြီး မပါပါဘူး။ ဒါပေမယ့် ဘဝမှာ အခန်းနည်းနည်းလေးနဲ့ အခက်ခဲဆုံး သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ကားအဖြစ် မှတ်တမ်းတင်ပါတယ်။ ထူးထူးခြားခြား သရုပ်ဆောင်ရတာ မဟုတ်ပေမယ့် တကယ့်ကို ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရတာပါ" ဟုဆိုသည်။
အဆိုပါ ဇာတ်ကားသည် စစ်မှန်သော ချစ်ခြင်းတရားကို လက်ကိုင်ထားသော ယောကျာ်းတစ်ဦး၏ စွဲလမ်းမှုနှင့် ချစ်ခြင်းမေတ္တာများ၊ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားများနှင့်တွဲခဲ့ပြီး စစ်မှန်သော အချစ်စစ်ကိုတွေ့ရှိခဲ့သော်လည်း အတိတ်က ပုံရိပ်များကြောင့် စိတ်သောက ရောက်ရပုံများကို စိတ်ဝင်စားဖွယ် ဖြစ်အောင်ရိုက်ကူးထားသော အချစ်ရုပ်ရှင် ဇာတ်ကားကြီးဖြစ်သည်။
သတင်း-ဇော်ကြီး(အနုပညာ) ၊ ဓာတ်ပုံ-ဖေဇော်