ခင်မောင်ထွေး

 

ဥဩ၊ ဥဩ”

ဥဩငှက်တို့၏ တွန်ကျူးသံက ကြည်နူးဖွယ်ကောင်းလှသည်။ ဥဩငှက်တို့၏အသံက နွေလ၏ သင်္ကေတလည်းဖြစ်သည်။ ဥဩတွေတွန်ကျူး နွေဦးရောက်ခဲ့လေပြီ။

 

ဟေ့၊ ကိုဉာဏ်။ မနေ့က ဖုန်းခေါ်တာ မကိုင်ဘူး။ ဘယ်ပျောက်နေလဲ”

 

ဟာ၊ ဟုတ်လား။ မနေ့က ရုံးမှာ မီးသတ်ဆေးဘူးနဲ့ လက်တွေ့မီးငြှိမ်းသတ် လေ့ကျင့်ရေးလုပ်ငန်းတွေ လုပ်နေရလို့ဗျို့”

 

တစ်ဆက်တည်းမှာပဲ ကိုဉာဏ်က လက်တွေ့မီးငြှိမ်းသတ်လေ့ကျင့်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သူတစ်ခါမျှမလုပ်ခဲ့ဖူးကြောင်း၊ လက်တွေ့ လုပ်ကြည့်မှ ကိုယ့်အတွက်လည်း အကျိုးရှိ၊အသုံးဝင်မှုကို သိလာခဲ့ကြောင်း ဆိုပါသည်။

 

စနစ်တကျလက်တွေ့လေ့ကျင့်မှုတွေ ပြုလုပ်

ဒါပေါ့ဗျာ။ လူဆိုတာ တကယ့်အရေးကြုံလာရင် ခြေမကိုင်မိလက်မကိုင်မိနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း သိတာမဟုတ်ဘူးဗျ။ သိသည့်တိုင်အောင် စနစ်တကျလက်တွေ့ လေ့ကျင့်မှုတွေ လုပ်မထားရင် မီးသတ်ဆေးဘူးကို ဘယ်ကစလို့ ဘယ်လိုဖွင့်ပြီး မီးကိုဘယ်လိုငြှိမ်းသတ်ရမလဲဆိုတာ ဘယ်လုပ် တတ်မှာလဲ”

 

သူ၏အဆိုကို ကျွန်တော်က တစ်ခဲနက်ထောက်ခံရင်း လူ့သဘာဝ လူမနောအရ လူတို့စိတ်တွင် ဖြစ်လေ့ ဖြစ်ထရှိသော လူ့စိတ်သဘာဝကို ဆင်ခြင်မိပြီး ကျွန်တော့်အမြင်ကိုလည်း တစ်ဆက်တည်း ပြောလိုက်ပြန်သည်။

 

ငယ်စဉ်ကတော့ ကျွန်တော်တို့လည်း ဒါမျိုးလေ့ကျင့်မှုတွေ၊ သင်တန်းတွေကို အပိုအလုပ်တွေလို့ ထင်ခဲ့မိတာပေါ့ဗျာ။ အသက်အရွယ်တွေရ၊ ဘဝအတွေ့အကြုံတွေရလာမှ အသိပညာ၊ အတတ်ပညာနဲ့ ဆက်စပ်တဲ့ သင်တန်းတွေ၊ လေ့ကျင့်မှုတွေက ကိုယ့်ဌာန၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်မြို့ကိုယ့်ရွာ သာမက ကိုယ့်ဘဝကိုယ့်မိသားစုအတွက်ပါတစ်ချိန်မဟုတ်တစ်ချိန် အသုံးဝင်တယ်ဆိုတာ သိလာ ရတယ်ဗျ”

 

ယခုရက်ပိုင်းအတွင်း နွေလ၏ သင်္ကေတ ဥဩငှက်တို့၏ တွန်ကျူးသံများနှင့်အတူ မီးသတ်ကားများ၏ ဥဩဆွဲသံများကိုလည်း ထိတ်လန့်ဖွယ် မကြာခဏကြားလာရပေသည်။ နွေခေါင်ခေါင် မရောက်မီ နွေဦးကာလမှာပင် မီးလောင်မှုများက မကြာခဏလို ဖြစ်ပွားလျက်ရှိသည်။

 

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်စောပိုင်းက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ စတိုးဆိုင်ဖွင့်လှစ်ထားသော နေအိမ်မီးလောင်မှုဖြစ်စဉ်တွင် သက်ကြီးပိုင်း ညီအစ်မ အမျိုးသမီးကြီးနှစ်ဦး ဖက်လျက်သား အသက်ဆုံးရှုံး ခဲ့ရရှာသည်။

 

မီးလောင်မှုဖြစ်စဉ်များတွင် လူနေအိမ်များသာမက ဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ စက်ရုံအလုပ်ရုံများလည်း ပါဝင်သည်။

 

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက လောင်ကျွမ်းခဲ့သော လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာ တောင်တွင်းကြီးလမ်းရှိ အမက(၂၃) စာသင်ကျောင်း မီးလောင်မှုဖြစ်စဉ်တွင် သုံးမိနစ် လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာမှ မေ့လျော့ပြီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းမီးလောင်မှု အပါအဝင် တစ်ရက်တည်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့သည်။

 

ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် ငှက်ပျောတောလမ်းရှိ အထည်ချုပ်စက်ရုံတစ်ရုံ၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန်အပိုင်း (၅) ဗညားဒလလမ်းရှိ ဖွဲစက်ရုံတစ်ရုံနှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ စက်ရုံတစ်ရုံတို့တွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ပြန်သည်။ ရွှေပြည်သာစက်မှုဇုန်တွင် တစ်ပတ်အတွင်း စက်ရုံမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လှိုင်သာယာမြို့နယ် စက်မှုဇုန်အပိုင်း (၅)တွင် ဖြစ်ပွားခဲ့သော ဖွဲစက်ရုံမီးလောင်မှုဖြစ်စဉ်တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြ သော်လည်း ဆက်လက်လောင်ကျွမ်းနေသဖြင့် ည ၁၀ နာရီ ၄၇ မိနစ်တွင် Level 1 အဆင့်ဖြင့် ထပ်မံမီးငြှိမ်း သတ်ခဲ့ရကြောင်း သိရသည်။

 

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ ဖော့စက်ရုံ မီးလောင်မှုဖြစ်စဉ်တွင်လည်း Level 1 အဆင့် မီးလောင်ကျွမ်းခဲ့၍ တစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ အဆိုပါ မီးလောင်မှုတွင် စက်ရုံရှေ့၌ စုပုံထားသော ဖော့ဘူး၊ စက္ကူပုံးများ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပင်မစက်ရုံသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းကလည်း နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာအုပ်စု ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေး၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြန်သည်။ ည ၈ နာရီ ၄၆ မိနစ်တွင် ဈေးရုံ၏ ရုံအမှတ် (ဂ) မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၃၁ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်မှုဖြစ်စဉ်တွင် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း၊ ဈေးရုံ ငါးရုံအနက် ဈေးရုံတစ်ရုံရှိ ဆိုင်ခန်း ပေါင်း ၂၄၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။

 

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၂၀ ရက် အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မီးလောင်မှုစုစုပေါင်း ၁၉၆ ကြိမ်ဖြစ်ပွားခဲ့ရာ မီးဖိုမီး ၂၈ ကြိမ်၊ ပေါ့ဆမီး ၆၅ ကြိမ်၊ အလိုအလျောက်မီး လေးကြိမ်၊ လျှပ်စစ်မီး ၇၅ ကြိမ်၊ မသမာသူရှို့မီ ငါးကြိမ်၊ တောမီး ၁၆ ကြိမ်နှင့် သောင်းကျန်းသူရှို့မီး သုံးကြိမ်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

လျှပ်စစ်နှင့် ပေါ့ဆမှုကြောင့် လောင်ကျွမ်းသောမီးတို့ အများဆုံးဖြစ်

မီးလောင်မှုဖြစ်စဉ်များအနက် လျှပ်စစ်နှင့် ပတ်သက်၍ လောင်ကျွမ်းသောမီးနှင့် ပေါ့ဆမှုကြောင့် လောင်ကျွမ်းသောမီးတို့က အကြိမ်အရေအတွက် အများဆုံးဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်နှင့် ဆိုင်ခန်းများတွင် ဝိုင်ယာသွယ်တန်းရာ၌ သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေး မီသော ဝိုင်ယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းများကို စနစ်တကျသုံးစွဲကြရန် လိုအပ်ပါသည်။

 

ထို့အတူ အိမ်များ၊ ဆိုင်ခန်းများတွင် သွယ်တန်းထားသော မီးကြိုးများနှင့် လျှပ်စစ်ပစ္စည်းများ ဟောင်းနွမ်း ပေါက်ပြဲပျက်စီးခြင်းများကို စစ်ဆေးပြီး အချိန်မီလဲလှယ်ကြရန်၊ ပလပ်တစ်ခုတည်းတွင် လျှပ်စစ် အသုံးအဆောင်ပစ္စည်း အများအပြား ပူးတွဲအသုံးမပြုရန်နှင့် အိမ်တွင်း လျှပ်စစ်သွယ်တန်းမှုများကိုလည်း ကျွမ်းကျင်သူများနှင့် ပုံမှန်စစ်ဆေးရန်လည်း လိုအပ်ပါသည်။

 

ထို့အတူ မိမိ၏ ပေါ့ဆမှုကြောင့် မိမိ မိသားစုသာမက မိမိရပ်ရွာဒေသတစ်ခုလုံး မီးကူးစက် လောင်ကျွမ်းမှု မဖြစ်စေရေးအတွက် လျှပ်စစ်မီးသုံးစွဲရာတွင် သတိ၊ အသိဖြင့် ဂရုတစိုက်သုံးစွဲကြရန် လိုအပ်သည်။ အထူးသဖြင့် မီးပျက်ချိန်နှင့် မလိုအပ်တော့သည့် အချိန်၊ အိမ်ပြင်သို့ ထွက်သည့်အချိန်၊ အနားယူအိပ်စက်ချိန်တို့တွင် သုံးလက်စလျှပ်စစ်ပစ္စည်းများကို မပျက်မကွက်ပိတ်ရန် သတိပြုကြ ရမည် ဖြစ်ပါသည်။

 

ပူပြင်းခြောက်သွေ့သောကာလများတွင် အပူချိန် မြင့်မားခြင်း၊ လေတိုက်နှုန်းမြင့်မားခြင်းနှင့် အစိုဓာတ် နည်းပါးခြင်းတို့ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာနိုင်သည့်အတွက် ပြည်သူများက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက် ထားကြရန် လိုအပ်သည်။

 

မီးတားလမ်းများ ဖောက်လုပ်ထားရှိရေး၊ ဟောင်းနွမ်းဆွေးမြည့်နေသော လျှပ်စစ်ဝိုင်ယာကြိုးများအား အသစ်လဲလှယ် တပ်ဆင်ရေး၊ စနစ်တကျ သွယ်တန်းစေရေး၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများ ပြည့်စုံလုံလောက်စွာထားရှိရေး၊ ရေရရှိရေးအတွက် မီးသတ်ရေကန်များ၌ ရေဖြည့်တင်း ထားရှိရေးနှင့် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် FSC လျှောက်ထား ရယူရေး စသည့်မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းအစီအစဉ်များကို သတိတမံ ဉာဏ်မြေကတုတ် ကြိုတင်စီစဉ်ဆောင်ရွက်ထား ကြရပါမည်။

 

ဥဩငှက်တို့၏ တွန်ကျူးသံနှင့်အတူ နွေဦးရာသီရောက်ပြီဆိုလျှင်ဖြင့် မီးသတ်ဦးစီးဌာန၏ “သင့် ကြောင့် မီးမလောင်ပါစေနှင့်” သတိပေးနှိုးဆော်ချက်ကို မိဘပြည်သူများအားလုံး သတိပြုဆင်ခြင်ပြီး မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန် အသိပေးနှိုးဆော်လိုက်ရပါသည်။ ။