မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီး

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေဦးရာသီကာလသို့ ရောက်ပြီဖြစ်သည်။ ပူပြင်းသော နွေကာလတွင် သတိပြုရမည့် အချက်မှာ မီးဘေးအန္တရာယ် ဖြစ်သည်။ မီးဘေးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါးပါဝင်သည်ကို သိရှိကြသော်လည်း ထိုရန်သူကို သတိမမူသောကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုနှင့် ကြုံနေကြရသည်။ နွေဦးတွင် မြန်မာပြည်တစ်လွှား မီးလောင်မှု ဖြစ်စဉ်များ ကြုံတွေ့ကြားသိလာရသည်။

 

မီးလောင်မှုကြောင့် နေအိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ကြရသည့်အပြင် လူ့အသက်များပင် ဆုံးရှုံးရသည့်အဖြစ်များ ကြားသိရသဖြင့် မီးကို အထူးသတိပြုဖို့လိုမည်ဖြစ်သလို မီးလောင်ရခြင်း အကြောင်းရင်း ဇာစ်မြစ်များကို ရှာဖွေဖော်ထုတ်၍ မီးမလောင်ခင်က ကြိုတင်ကာကွယ် တားဆီးကြဖို့ လိုမည်ဖြစ်သည်။ ယခုရက်သတ္တပတ်အတွင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် တောင်ပလောင်ကျေးရွာတွင် မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ရာ အဘွားနှင့်မြေးဖြစ်သူတို့ သေဆုံးခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် လွတ်လပ်ရေးရပ်ကွက်ရှိ နေအိမ်တိုက်ခန်း တစ်ခန်း မီးလောင်ခဲ့ရာ သုံးဦး မီးခိုးမွှန်၍ သေဆုံးခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ရန်ကုန်မြို့ လသာမြို့နယ် လမ်းမတော် သံဈေးမီးလောင်ခဲ့ရာ အထပ်မြင့်နေ ပြည်သူ ၈၅ ဦးကို ကယ်တင်ခဲ့ပြီး မီးခိုးမွှန်သူနှင့် ဒဏ်ရာရသူ အချို့ကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

 

ယခုနှစ် နွေဦးရာသီရက်ပိုင်းအတွင်း မီးလောင်မှုဖြစ်စဉ်များ၌ လူတို့ ဘေးအန္တရာယ်ဖြစ်မှု ပိုမိုများပြားပြီး အသက်သေဆုံးမှုများပါ ရှိလာသောကြောင့် မီးလောင်စေသော အကြောင်းအချက်တို့သာမက ထိခိုက်သေဆုံးမှု ဖြစ်ပွားရခြင်း အကြောင်းရင်းများကိုပါ သင်ခန်းစာယူ သုံးသပ်အဖြေထုတ်၍ နောင်ယင်းကဲ့သို့ မဖြစ်ပွားစေရန် ကြိုတင်တားဆီး ကာကွယ်ထားရမည် ဖြစ်သည်။ သတိမမူ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားရခြင်း အများဆုံးဖြစ်ပြီး မီးလောင်ခြင်းကြောင့် သေဆုံးရခြင်းမှာလည်း အလားတူဖြစ်သည်။

 

စက်မှုသိပ္ပံနည်းပညာ ထွန်းကားလာသော ခေတ်ဝယ် လူတို့အသုံး အဆောင်ပစ္စည်းများ၊ အသုံးပြုသော အရာများသည် မီးလောင်လွယ်သော ပစ္စည်းများ ဖြစ်နေသည်ကို သတိချပ်ရမည်ဖြစ်ပြီး အကယ်၍ မီးလောင်မည် ဆိုပါက မည်သို့ရှောင်ရှား ကာကွယ်တားဆီးသွားရမည်ကို ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရမည် ဖြစ်သည်။ မီးမလောင်ရန် သတိပြုကာကွယ်ရာ၌ မီးကိုသာ သတိထား ကိုင်တွယ်ရမည်မဟုတ်၊ အိမ်တွင်းအိမ်ပ၌ မီးလောင်စေတတ်သော အရာများကို လုံခြုံသော အကာအကွယ်၊ ခံနိုင်သောအနေအထားနှင့် ကြိုတင်ငြိမ်းသတ်နိုင်သည့် မီးသတ်ပစ္စည်းများ၊ ငြိမ်းသတ်ရှောင်ရှားနိုင်မည့် ဝင်လမ်း၊ ထွက်လမ်းများကို ကြိုတင်ပြင်ဆင်ကာ အသင့် ပြုလုပ်ထားရမည်ဖြစ်သည်။

 

ရန်ကုန်မြို့ကြီးသည် တစ်နေ့တခြား လူနေထူထပ်လာပြီး အထပ်မြင့် အဆောက်အအုံများ များပြားလာသောကြောင့် မီးဘေးအန္တရာယ် ကျရောက်လာပါက လူ့အသက်များ ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင် အရေးပေါ်ဝင်ပေါက်၊ ထွက်ပေါက်များသည် အရေးကြီးသော အရာများဖြစ်နေသည်ကို သတိမူဖို့ လိုမည်ဖြစ်သည်။ သက်တမ်းကြာ အထပ်မြင့် အဆောက်အဦဟောင်းများ အနေဖြင့် အိမ်နောက်တွင် အရေးပေါ်လှေကားများ ပြုလုပ်ထားသည်ဆိုသော်လည်း ခိုင်ခံ့မှုမရှိဘဲ စတိအဖြစ်သာ ပြုလုပ်ထားသဖြင့် အရေးပေါ်လှေကား မဖြစ်ဘဲ အရေးပေါ်သို့ ပို့ရမည့် လှေကားဖြစ်နေသည်ကို သတိပြုပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ပြီးခဲ့သည့်ရက်က အထပ်မြင့် အဆောက်အဦများ မီးလောင်မှုကြောင့် လူ့အသက်သေဆုံး ထိခိုက်မှု ဖြစ်စဉ်များကို သုံးသပ်ကြည့်မည်ဆိုလျှင် အရေးပေါ်ထွက်လမ်းမရှိခြင်းနှင့် အရေးပေါ်ထွက်ပေါက်မှ မထွက်နိုင်ခြင်းကြောင့် အန္တရာယ်နှင့် ကြုံတွေ့ထိခိုက်မှုများ ဖြစ်ရသည်ကို သတိမူဆင်ခြင် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်သည်။ ရှေ့အဖို့တွင်လည်း မီးဘေးအန္တရာယ် နှင့် ကြုံတွေ့နိုင်သေးသည်ဖြစ်၍ လူ့အသက်ခန္ဓာများ မထိခိုက်၊ မဆုံးရှုံးသင့်ဘဲ ထိခိုက်ဆုံးရှုံးခြင်း မဖြစ်ရအောင် မဖြစ်မီက ကြိုတင်ပြင်ဆင် တားဆီး ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရန်သူမျိုးငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မီးဘေး အန္တရာယ်မကျရောက်အောင် မီးမလောင်စေရန် ကြိုတင်ပြင်ဆင်စီမံထား ရမည်ဖြစ်သကဲ့သို့ မီးဘေးအန္တရာယ် ကျရောက်ပါက အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးခြင်းမဖြစ်အောင် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရမည့် အရာများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်သူများအားလုံးက ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ