နေပြည်တော် ဖေဖော်ဝါရီ ၂၁

မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာ ဆွေးနွေးဟောပြောခြင်းနှင့် သရုပ်ပြ လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း ခန်းမ၌ကျင်းပရာ အဆိုပါဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီ မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေး နှင့် တာဝန်ရှိသူများက မီးဘေးလုံခြုံရေးဆိုင်ရာများနှင့် မီးဘေး အန္တရာယ်ကာကွယ်ငြှိမ်းသတ်ခြင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြရာ တက်ရောက်လာကြသော အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် မီးငြှိမ်းသတ်သရုပ်ပြလေ့ကျင့်ခြင်းကို လျှိုပိတ်ဆည်တွင် ဆက်လက်ကျင်းပရာ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးတို့က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ငြှိမ်းသတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အရာထမ်း၊ အမှုထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်