နေပြည်တော်  ၂၇  ဇန်နဝါရီ 

 

မီဒီယာများ၊ ယဉ်ကျေးမှုနှင့် အနုပညာရှင်များနှင့် ကျန်းမာရေးစံပြု အချက်အလက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရောဂါဖြစ်ပွားသူများအား ဆန်းစစ်လေ့လာမှုများ ပြုလုပ်ရာတွင်  ကျန်းမာရေးအသိပညာနှင့် ကျန်းမာရေး စာတတ်မြောက်မှုနည်းပါးသဖြင့် ရောဂါကြိုတင်ကာကွယ်မှု နည်းလမ်းများ၊  ရောဂါများ၏ လက္ခဏာများကို မသိရှိခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှု အလေ့အကျင့်များကို မလိုက်နာခြင်းကြောင့် မဖြစ်ပွားသင့်သည့် ရောဂါများဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်း။

 

ပြည်သူများသည် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ရုပ်ရှင် စသည်တို့ကို ကြည့်ရှုကြသည့်အပြင် အင်တာနက်နှင့် လူမှုကွန်ရက်များကိုလည်း အလွယ်တကူလက်လှမ်းမီ အသုံးပြုကြသည်ဖြစ်၍ ပြည်သူများ၏ မျက်စိအလင်းတံခါး၊ အကြားတံခါးနှင့် နှလုံးသားတံခါးတို့ကို ဖွင့်လှစ်ပေးနိုင်သူများဖြစ်သည့် မီဒီယာများနှင့် အနုပညာရှင်များသည် ပြည်သူများ ကျန်းမာရေးအသိပညာ ကြွယ်ဝစေရေး ဝိုင်းဝန်ဆောင်ရွက်ပေးခြင်းဖြင့် ပိုမိုထိရောက်အောင်မြင် မည်ဖြစ်ပါကြောင်း၊ မီဒီယာအမျိုးမျိုးမှ ကျန်းမာရေးသတင်းစကားများကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြန့်ဖြူးရာတွင် ဝန်ကြီးဌာနနှင့် မီဒီယာများအကြား ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ ကို ပေါင်းကူးသဖွယ်ထားရှိ အသုံးပြုကြကာ အများပြည်သူသုံး သတင်းစကားများအဖြစ် တစ်ဆင့်ပြန်လည်ဝေမျှပေးရန် တိုက်တွန်းလိုပါကြောင်း။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၉ ဒသမ ၅ သန်းခန့်ရှိသော မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ အာဟာရပြည့်ဝ၍ ကျန်းမာသန်စွမ်းစေရန်မှာလည်း အထူးအရေးကြီးပါသဖြင့် ၎င်းတို့ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးအသိပညာများ ကြွယ်ဝစေရန် မီဒီယာများနှင့် အနုပညာရှင်များမှ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာဖြင့် ဘဝတစ်သက်တာ ခိုင်ခိုင်မာမာရပ်တည်နိုင်မည် ဖြစ်ပြီး ၎င်းတို့၏ မိဘများ၊ ဆွေမျိုး မိတ်ဆွေများကိုပါ ကျန်းမာရေးအသိပညာများ ဝေမျှပေးနိုင် မည်ဖြစ်ပါကြောင်း၊ ပြည်သူများတွင် ကျန်းမာရေးအသိပညာမြင့်မားလာခြင်းဖြင့် ရောဂါဖြစ်ပွားမှုများ နည်းပါးခြင်း၊ ရောဂါဖြစ်ပွားမှု နည်းပါးခြင်းကြောင်း ဆေးရုံ/ဆေးခန်းများတွင် ကုသခြင်းခံယူရမှု နည်းပါးခြင်း၊ ထိုသို့ ဆေးရုံ၊ ဆေးခန်းများတွင် လူနာနည်းပါးသဖြင့် ပိုမိုအရည်အသွေးပြည့်ဝ သော ကျန်းမာရေးစောင့်ရှောက်မှုကိုပေးနိုင်ခြင်း စသည်တို့အပြင် နိုင်ငံတော်ဘဏ္ဍာများ ကုန်ကျ မှုနည်းပါးလာသဖြင့် ကျန်းမာရေးကဏ္ဍအပြင် အခြားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုအသုံးပြုနိုင်ခြင်း အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ပါကြောင်း၊

 

ထိုကြောင့် ပြည်သူများအား ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများသည် “အကျိုးပြုစက်ဝန်းကြီး” သဖွယ် အဘက်ဘက်မှ အကျိုးရှိပါကြောင်း၊ လူတစ်ဦးချင်း၊ မိသားစု တစ်ခုချင်းမှသည် ပြည်သူများအားလုံးကျန်းမာမှု ရှိမည်၊ မရှိမည်ကို  အဓိက အဆုံးအဖြတ် ပေးနိုင်သည့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများတွင် မီဒီယာများနှင့် အနုပညာရှင် များအနေဖြင့် ဝန်ကြီးဌာနနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် Unicef အဖွဲ့မှ Chief of Communication for Development Ms. Alessia Radice တို့က အမှာစကားပြောကြားကြသည်။

 

ထို့နောက် Junior Creative Dance အဖွဲ့က “ဘဝရှေ့ဆောင် ရက်တစ်ထောင်” ခေါင်းစဉ်ဖြင့် သရုပ်ပြဖျော်ဖြေကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ 

 

(သတင်းစဉ်)