မေး။     ။ယခုရက်ပိုင်းမီဒီယာအချို့မှာ ပင်လောင်းမြို့နယ် နမ့်နိမ်ရွာ ဘုန်းကြီးကျောင်းမှာ သံဃာသုံးပါးနဲ့ ပြည်သူတွေကို ကယား PDF လို့ စွပ်စွဲပြီး တပ်က အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားတာတွေ့နေရပါတယ်။ အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိချင်ပါတယ်ရှင်။

 

 

ဖြေ။   ။ ပင်လောင်းဒေသဆိုတာက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလည်းဖြစ်တယ်။ တည်ငြိမ်အေးချမ်းမှုရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။ ယခင်ကတည်းက တပ်မတော်အနေနဲ့ရော အစိုးရ အနေနဲ့ပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒီဒေသနဲ့နီးစပ်နေတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တယ်။ မငြိမ်မသက်ဖြစ်နေတယ် ဆိုပေမယ့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုရှိနေတာ အမှန်ပါပဲ။ ဒါကတော့ ပအိုဝ်းဒေသမှာ နယ်မြေခံပြည်သူ့စစ်တွေ၊ PNLO အဖွဲ့အစည်းတွေ၊ တပ်မတော်သားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်။ မတ်လဆန်းလောက်မှာ တောင်ဘက်မှာရှိတဲ့ KNPF/ KNPP/ PDF အကြမ်းဖက်အဖွဲ့တွေက ပအိုဝ်းဒေသကို နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်လာတာ တွေ့ရတယ်။ မတ်လ ၁၁ ရက်နေ့က ပင်လောင်းမြို့နယ် နမ့်နိမ်ရွာမှာ KNPF/ KNPP အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လာပြီး ရွာကိုခြိမ်းခြောက်လာတယ်။ နယ်မြေဒေသကို ခြိမ်းခြောက်တာတွေ ရှိလာတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့လည်း ဒေသခံပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။ မတ်လ ၁၁ ရက်နေ့ ၉ နာရီမှာ အဲဒီရွာနားရောက်တဲ့အခါမှာ KNPF/ KNPP/ PDF အကြမ်းဖက် အဖွဲ့တွေက တပ်မတော်စစ်ကြောင်းတွေ၊ နယ်မြေခံ ဒေသခံပြည်သူ့စစ်တွေကို စတင်တိုက်ခိုက်ခဲ့တယ်။ ချောင်းမြောင်းပစ်ခတ်ခဲ့ပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ပြီးတော့ အဲဒီအဖွဲ့တွေက တည်ငြိမ်အေးချမ်းနေတဲ့ နမ့်နိမ်ရွာထဲကိုဝင်တယ်။ ဝင်ပြီးတော့ ပစ်ခတ်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဒီအဖွဲ့တွေကို တိုက်ခိုက်ခဲ့ရတာရှိတယ်။ အလောင်းနဲ့ လက်နက်တချို့ရရှိခဲ့တယ်။ ညနေ ၃ နာရီ နောက်ပိုင်းမှာ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ ဖြစ်စဉ်တစ်ခုလုံးကို ပြောရမယ်ဆိုရင်တော့ ပအိုဝ်းဒေသရဲ့ ငြိမ်းချမ်းနေမှု၊ ဖွံ့ဖြိုးတိုးတက်နေမှုကို ဖျက်ဆီးဖို့ရည်ရွယ်ချက်နဲ့ လာရောက်ဆောင်ရွက်နေတာဖြစ်တယ်။ တည်ငြိမ်နေတဲ့ ပအိုဝ်းဒေသခံတွေ၊ ပအိုဝ်းပြည်သူ့စစ်တွေ၊ ဒေသခံလုံခြုံရေး အဖွဲ့တွေနဲ့ တပ်မတော်ကြားမှာ ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ဆောင်တာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့က KNPF/ KNPP/ PDF အဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ဒီနေရာမှာ ရွာသူ/ ရွာသားတွေ သေတယ်ဆိုပြီး သတင်းမှားလွှင့်နေတာရှိတယ်။ KNPF/ KNPP/ PDF အကြမ်းဖက်အဖွဲ့တွေ ဝင်သွားပြီး အကြမ်းဖက်ပစ်ခတ်တဲ့အချိန်မှာ ရွာသူ/ ရွာသားတချို့လည်း သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာ တွေ့ရတယ်။ ထွက်ပြေးရတာမျိုးလည်း ရှိတယ်။ ကျွန်တော်ဆိုလိုတာက ပအိုဝ်းဒေသသည် အစဉ်အဆက် ငြိမ်းချမ်းလာတဲ့ဒေသ ဖြစ်တဲ့အတွက် တောင်ဘက်မှာရှိတဲ့ KNPF/ KNPP အဖွဲ့တွေအနေနဲ့ ပအိုဝ်းဒေသကို တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ အစိုးရ၊ တပ်မတော်နဲ့ ဒေသခံ ပအိုဝ်းပြည်သူလူထုအကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန်ခဲ့သူတွေ၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပအိုဝ်းပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်အောင် လုပ်ခဲ့တဲ့ KNPF/ KNPP/ PDF အဖွဲ့တွေကို ထပ်မံပြီးတော့ လုံခြုံရေးအရ လိုအပ်တဲ့အရေးယူ ဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။