မီဒီယာနှင့် အစိုးရနှစ်ခု အကြား၊ အစိုးရနှင့်စီးပွားရေးလုပ်ငန်းများအကြားနှင့် အာဆီယံဆွေးနွေး ဘက်နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် အသိုက်အဝန်းထူထောင်မှုကို မြှင့်တင်ရန် လိုအပ်

ရန်ကုန် ၆ မတ် 

(၁၉)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး          (19th-ASEAN–COCI Subcommittee on Information Meeting) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့  တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေး ဆပ်ကော် မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊  တက်ရောက်ကြသည်။ ရှေးဦးစွာဖွင့်ပွဲအခမ်းအနားကိုအာဆီယံသီချင်းဖြင့် စတင်ဖွင့်လှစ်သည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်ကအဖွင့် အမှာစကားပြောကြားရာတွင် ယနေ့တွင် အာဆီယံဒေသတွင်း ဆက်သွယ်ရေးစိီမံကိန်းများ၊ အာဆီယံ အသိအမြင် များမြှင့်တင်ခြင်းစီမံကိန်းများနှင့် အာဆီယံနှင့် အာဆီယံဒေသပြင်ပ မိတ်ဖက်နိုင်ငံများ အကြား နားလည်မှုများ၏ အယူအဆများ ပြန်လည်သုံးသပ်စဉ်းစားကြရန် အာဆီယံ ကိုယ်စားလှယ်များ စုဝေးကြသည့် အရေးအကြီးဆုံး အစည်းအဝေးများထဲမှ တစ်ခုဖြစ်သော 19th SCI Meeting ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်အတွက် မြန်မာနိုင်ငံ အထူးသဖြင့် ပြန်ကြားရေးဝန်ကြီးဌာနအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။ 

ဤအရေးကြီးသည့် အစည်းအဝေးသို့ တက်ရောက်ရန် မိမိတို့၏ တန်ဖိုး ရှိသည့်အချိန်များကိုသုံးစွဲလျက် ခရီးဝေးမှ လာရောက်ကြသည့် အာဆီယံကိုယ်စား လှယ်များအားလုံးကို မိမိအနေဖြင့် နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အာဆီယံသွင်ပြင် လက္ခဏာနှင့် အာဆီယံအသိုက်အဝန်း တည်ထောင်မှုတွင် အာဆီယံအသိအမြင်များ တိုးမြှင့်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတိုးမြှင့်မည်ဟုလည်း ပြောကြားလိုပါကြောင်း။

ငြိမ်းချမ်းမှု၊ အားလုံးပါဝင်မှု၊ ကြံ့ခိုင်မှု၊ ကျန်းမာရေးနှင့် လိုက်ဖက်သည့် လူ့အဖွဲ့အစည်း တစ်ရပ်အတွက် ယဉ်ကျေးမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အာဆီယံ ကြေညာစာတမ်းကို  ၃၁-၁၁-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် 31thASEAN Summit ၌ အာဆီယံခေါင်းဆောင်များမှ အတည်ပြုခဲ့ပါကြောင်း၊ ထိုကြေညာစာတမ်းနှင့် စပ်လျဉ်းပြီး အစီအစဉ်းများ ဖွံ့ဖြိုးတိုးတက်မှှုနှင့် အာဆီယံ အသိုက်အဝန်းက ပေးသည့် အကျိုးကျေးဇူးများနှင့် အခွင့်အလမ်းများဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်းတွေကို အားပေးတိုက်တွန်းပြီး အပြန်အလှန်လေးစားမှုနှင့် ASEAN Strategic Plan for Information and Media (2016-2025)နှင့်အညီ အသိအမှတ်ပြုမှုအမျိုးမျိုးတွေကို မိမိတို့အနေဖြင့် မြှင့်တင် သွားသင့်ပါကြောင်း။

 

မိမိတို့အနေဖြင့် မီဒီယာဗဟုဝါဒ၏ မီဒီယာဓလေ့ထုံးစံနှင့် ငြိမ်းချမ်းရေး၊ ပြည်သူဗဟိုပြုယန္တရားများဖန်တီးမှုတွင် လူမှုတာဝန်ရှိသည့် မီဒီယာနှင့် အစိုးရနှစ်ခု အကြား၊ အစိုးရနှင့်စီးပွားရေးလုပ်ငန်းများအကြားနှင့် အာဆီယံဆွေးနွေး ဘက်နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် အသိုက်အဝန်းထူထောင်မှုကို မြှင့်တင်ရန် လိုအပ်ပါကြောင်း။

လူမှုမီဒီယာ၏ လျင်မြန်မှုကြောင့် နိုင်ငံတိုင်းသည် သတင်းမှား/တုများဖြင့် ကြုံတွေ့နေရပြီး အသိုက်အဝန်းအသီးသီး၏ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက် လျက်ရှိနေပါကြောင်း၊  ဒါကြောင့် မိမိတို့အနေဖြင့် အထူးသဖြင့် လူငယ်များအကြား မီဒီယာကျွမ်းကျင်မှုကို မြှင့်တင်ရန် အစီအစဉ်များ၊ မာလ်တီမီဒီယာဖွံ့ဖြိုးတိုး တက်ရန်နှင့် ဆိုက်ဘာလုံခြုံမှုအတွက် အသိပညာများတိုးမြှင့်ရန်တို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ယခုတက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ အမြင်များနှင့် ထောက်ခံ အကြံပြုချက်များသည် အာဆီယံပြန်ကြားရေးကဏ္ဍကို ရေရှည်တည်တံ့စွာ တိုးတက် အားကောင်းလာရန်အတွက် အကူအညီအထောက်အပံ့များ ဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ အာဆီယံပြန်ကြားရေးကဏ္ဍတိုးတက်မှုများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် အာဆီယံ နိုင်ငံများအားလုံး အနေဖြင့် သက်ဆိုင်ရာနိုင်ငံ အလိုက်ဆက်သွယ်ရေးစီမံကိန်းများ၊ အာဆီယံလူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်းအခြေပြမြေပုံနှင့် အာဆီယံသတင်းအချက်အလက်နှင့် မီဒီယာ ၂၀၁၆-၂၀၂၅ မဟာဗျူဟာစီမံကိန်းစသည်တို့ အကောင်အထည်ဖော်မှု များတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူညီထောက်ပံ့ရန် လိုအပ်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိ်ုလ် ( ရန်ကုန်)မှ ကျောင်းသူလေးများက" တို့ အာဆီယံနှင့် ထာဝရမြန်မာ "တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။ 

ထို့နောက်ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် က ယဉ်ကျေးမှု အဆို၊ အက အဖွဲ့များအားဂုဏ်ပြုပန်းခြင်းများကို ပေးအပ်ပြီးအစည်းအဝေးသို့ တက်ရောက် လာကြသည့် ကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။  

ယင်းနောက်         (၁၉)ကြိမ်မြောက် အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပရာအာဆီယံထိပ်သီးအစည်းအဝေးများနှင့် မဏ္ဍိုင် အသီးသီးရှိ အစည်းအဝေးများမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက် များနှင့်လက်ရှိပြန်ကြားရေးကဏ္ဍဆိုင်ရာလုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေးနွေး ခြင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်လျာထားခြင်း ၊ အာဆီယံယဉ်ကျေးမှု ရန်ပုံငွေ ( ASEAN Cultural Fund )သုံးစွဲမှုဘဏ္ဍရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အကြိမ် (၂၀)မြောက် SCI  Meeting ကျင်းပမည့်နိုင်ငံ ရွေးချယ် အတည်ပြုခြင်းများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်းသိရသည်။

(၁၉) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးကို  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မတ်လ ( ၆) ရက်မှ ( ၇) ရက်နေ့ အထိလက်ခံ ကျင်းပသွားမည်ဖြစ်သည်။ 

( ၁၈) ကြိမ်မြောက်အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးကို ယမန်နှစ်ကမလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။

(သတင်းစဉ်)