ဘားအံ နိုဝင်ဘာ ၂၇
သတင်း အချက်အလက်ဆိုင်ရာ အရေးပါမှုကို ပိုမိုသိရှိပြီး သတင်းအရင်းအမြစ်များကို စိစစ်နိုင်ရန် သတင်းအမှား၊ သတင်းအတုများကို ခွဲခြားသိမြင်နိုင်စေရန်အတွက် မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှု ဟောပြောပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ သံလွင်ပါရာဒိုက်စ် ဟိုတယ်၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲကို ဒေသအတွင်းရှိ သတင်းမီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ ဒေသခံ ပြည်သူများနှင့် အစုအဖွဲ့အသီးသီးမှတာဝန်ရှိသူများအား ဦးတည်ကျင်းပခြင်းဖြစ်ပြီး Burma News International (BNI ) မူဝါဒရေးရာကော်မတီဥက္ကဋ္ဌ နန်းဖော့ဂေ က ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် BNI အကြောင်းကို ရှင်းလင်းပြောကြား၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးဘိုဘိုဝေမောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ကျင်းပရာ အသံအဖွဲ့၏အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကား ခေါင်းစဉ်ဖြင့် လည်ကောင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက် ( MJN ) မှ ကိုမြင့်ကျော် က သတင်းမီဒီယာ ပြောင်းလဲလာမှုအခြေအနေကို လည်ကောင်း၊ ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီ အဖွဲ့ (MIDO) မှ ကိုငြိမ်းချမ်းအောင် က လူမှုကွန်ရက်သတင်းစာမျက်နှာများ ၏အခန်းကဏ္ဍ ကိုလည်ကောင်း၊ Women Initiative Group(WIG)မှ နန်းတင်တင်လှိုင်က ပြည်နယ်အတွင်းအမုန်းစကား လျော့ပါးမှု စည်းရုံးလှုံ့ဆောက်မှု အခြေအနေကိုလည်ကောင်း အသီးသီးဆွေးနွေးဟောပြောကြရာ တက်ရောက် လာသူ များက သိရှိလိုသည်များအား မေးခွန်းများမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ သတင်းမီဒီများကြုံတွေ့နေရသည့်အခက်အခဲ၊ သတင်းသမားများလုံခြုံရေးနှင့် တိုင်ရင်းမီဒီယာများ အပေါ် ထိခိုက်မှုဖြစ်ပွားစေသည့်အကြောင်းခြင်းရာများကို အုပ်စုဖွဲ့ဆွေးနွေး၍ အုပ်စုအလိုက် တစ်ဖွဲ့ချင်းစီ ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြသည်။
ဟောပြောပွဲသို့ ဒေသတွင်းသတင်းမီဒီယာများ၊ ကရင်နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)