ရန်ကုန် ၂၃ ဒီဇင်ဘာ 

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများအတွက် မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်းအမှတ်စဉ်(၂)ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို (အေ)ခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက် မြန်ဆန် လာခြင်းသည် နိုင်ငံတကာတွင် လူအများ၏ဘဝနေထိုင်မှုပုံစံကို များစွာပြောင်းလဲစေခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း လက်ကိုင်ဖုန်းဖြန့်ကြက်မှုမှာ ယခုအခါ ၁၂၀ ရာခိုင်နှုန်းကျော်ရှိပြီး ပြည်သူအများမှာ သတင်းအချက် အလက်များ သိရှိရေးနှင့် ဖျော်ဖြေရေး အစီအစဉ်များရယူခြင်းတို့ကို လက်ကိုင်ဖုန်းများမှတစ်ဆင့် အွန် လိုင်းပေါ်တွင် အဓိကလုပ်ကိုင်လာနေကြပါကြောင်း။


အခြားတစ်ဖက်တွင် အွန်လိုင်းပေါ်၌ သတင်းအမှားများ၊ ကောလာဟလများ၊ အမုန်းစကားများ၊ မသမာသော ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ထုတ်လွှင့်ထားသည့် သတင်းအတုများ စသည်တို့နှင့် ပြည့်နှက်နေသဖြင့် အွန်လိုင်းမီဒီယာအသုံးပြုသူတိုင်းအတွက် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုမှာ အရေးကြီးပါကြောင်း၊  ယင်းမှာနိုင်ငံတကာတွင်‌ကြုံတွေ့နေရသည့် ဘုံပြဿနာ တစ်ခုပင်ဖြစ်ပါကြောင်း၊  ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုပေါင်းစုံရင်ဆိုင်နေရသည့် မိမိတို့နိုင်ငံအတွက် ဤပြသနာမှာ ပိုမိုအန္တရာယ်ကြီးမားပါကြောင်း။ 

 

a

 


အင်တာနက်သုံးစွဲသူများအနေဖြင့် မီဒီယာနှင့်သတင်းအချက်အလက်သိရှိနားမှုကို တတ် ကျွမ်းထားပြီး သတိရှိစွာ သုံးစွဲရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အင်တာနက်သုံးစွဲသူများဖြစ်ရန် လိုအပ်လာပါ‌ကြောင်း၊  အွန်လိုင်းမီဒီယာကို အမြဲတမ်းကိုင်‌တွယ်အသုံးပြုနေရသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းအနေဖြင့်မီဒီယာ နှင့် သတင်း အချက်အလက် သိနားလည်မှုရှိရန် မဖြစ်မနေလိုအပ်သဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။


အဆိုပါသင်တန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၇၀ တက်ရောက်ကာ ဒီဇင်ဘာ ၂၄ ရက်အထိ ပို့ချသွားမည်ဖြစ်ပြီး ယူနက်စကိုနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ပညာရှင်များက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းအမှတ်စဉ်(၁)ကို နိုဝင်ဘာလအတွင်းက နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်တွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)