နေပြည်တော်  ၁၉  သြဂုတ် 


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ် သင်တန်းကျောင်း (ဒက္ခိဏ)၌ ကျင်းပသည်။


 သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မီဒီယာသည် နည်းပညာပြောင်းလဲခြင်းနှင့်အတူ အရှိန်အဟုန်ဖြင့် ပြောင်းလဲလျက်ရှိပါကြောင်း၊ လူအများသည် သတင်းအချက်အလက် ရှာဖွေသိရှိရန်အတွက် သမားရိုးကျမီဒီယာများထက် လူမှုမီဒီယာများ အပါအဝင် အွန်လိုင်း မီဒီယာများကို ပိုမိုအသုံးပြုလာနေကြပါကြောင်း။


မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိသော်လည်း မိုဘိုင်းဆင်းကတ်သုံးစွဲမှုသည် သန်း ၆၀ ကျော်ရှိပြီး လူမှုမီဒီယာများ သုံးစွဲသူ သန်း ၂၀ ကျော်ရှိသည်ဟုလည်း သိရှိရပါကြောင်း၊ လူမှုမီဒီယာထိုးဖောက်မှုမှာ အထူးအားကောင်းလျက်ရှိပြီး သမားရိုးကျမီဒီယာများ၏ အခန်းကဏ္ဍသည် တဖြည်းဖြည်း ကျဆင်း လျက်ရှိပါကြောင်း။


ထိုသို့ပြောင်းလဲလာသည့်အတွက် နည်းပညာပြောင်းလဲမှုနှင့်အတူ သတင်းစီးဆင်းမှုကို လိုက်ပါပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ လူမှုမီဒီယာများ အသုံးများလျက်ရှိသော်လည်း၊ ထိုသို့ ပြည်သူအများက လူထုမီဒီယာများကို ပိုမိုအားကိုးလာနေကြသော်လည်း  လူမှုမီဒီယာများတွင် တွေ့ရှိရသည့် သတင်းအချက်အလက်များ အားလုံးသည် အမှန်ဟု တစ်ဖက်သတ် မယုံကြည် နိုင်ပါကြောင်း၊  ကောလာဟလများ၊ သတင်းမှားများ၊ သတင်းအတုများ၊ မသမာသော ရည်ရွယ် ချက်ဖြင့် လုပ်ကြံဖန်တီးလိုက်သည့်သတင်းများ၊ အမုန်းစကားများစသည်တို့ဖြင့်ပြည့်နှက် နေပါကြောင်း။  


လူမှုမီဒီယာများတွင် တွေ့ရှိရသည့်  သတင်းအချက်အလက်များ၊ ယင်းတို့ကိုဖန်တီးလိုက်သည့် သတင်းအရင်းအမြစ်များနှင့် မီဒီယာများကို စနစ်တကျ ဆန်းစစ်လေ့လာပြီး ခွဲခြားသိရှိကာ  ချင့်ချိန်လက်ခံခြင်းသည်  သတင်းအချက်ဆိုင်ရာ သိနားလည်မှုပင်ဖြစ်ပါ ကြောင်း။


ထို့ကြောင့် လူမှုမီဒီယာအသုံးပြုသူအားလုံး  မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုကို လေ့လာသင်ယူရန် လိုအပ်လာပါကြောင်း၊  ယခုသင်တန်းမှရရှိလာသည့် ဗဟုသုတများကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချပြီး အခြားသူများကိုလက်ဆင့်ကမ်းဖြန့် ဝေနိုင်ရန်ကြိုးစားကြ စေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။


ယနေ့ဖွင့်လှစ်သည့် သင်တန်းကို သြဂုတ် ၂၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ၃၇  ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။ 


(သတင်းစဉ်)