မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးကူးစက်လောင်ကျွမ်း

မြစ်ကြီးနား မတ် ၂၈

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်၌ မတ် ၂၇ ရက် ညနေပိုင်းက မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၂၇ ရက် ညနေ ၄ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁၀)ရှိ ဒေါ်အားဆာမီး၏ နေအိမ်မီးဖိုဆောင်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကာ လူနေအိမ်တစ်လုံးနှင့် မီးဖိုဆောင်တစ်လုံး၊ နှစ်ထပ်နေအိမ် အပေါ်ထပ်နှင့် မီးဖိုဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

 

မီးလောင်ကျွမ်းရာနေရာသို့ ကချင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး အိမ်ရှင်ဖြစ်သူအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)