ပုလော ၁၀ သြဂုတ်လ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မီးလောင်ချောင်း ကျေးရွာ၌ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ရေတိုက်စားမှုကြောင့် ကတ္တရာလမ်း ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေတိုက်စားမှုကြောင့် မီးလောင်ချောင်းကျေးရွာ မိုင်တိုင် အမှတ် ၁၂၂ မိုင် ၁ ဖာလုံ၌ ကတ္တရာ လမ်း ဝဲဘက်ခြမ်း အရှည် ၁၀ပေခန့် အကျယ် ၅ ပေခန့် ပျက်စီးခဲ့ကြောင်းနှင့် ခရီးသွားမိဘပြည်သူများ သွားလာ၍ရသေးကြောင်း သိရှိရသည်။
အဆိုပါ ကတ္တရာလမ်း ပျက်စီးရာ နေရာသို့ တနင်္သာရီတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်း၊ ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်၊ မြို့နယ် လမ်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ် လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်အောင်ဆွေနှင့် တာဝန်ရှိသူများက သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဝန်ကြီးက ခရီးသွားမိဘပြည်သူများ အန္တရာယ် ကင်းရှင်းစွာ ခရီးသွား လာနိုင်ရေးအတွက် ပျက်စီးသွားသော ကတ္တရားလမ်းအပိုင်းကို အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထူးဝေယံ (ပုလော ပြန်/ဆက်)


