မြင်းမူ၊ ၄ ဇန်နဝါရီ

 

မြင်းမူမြို့နယ်၊ ဆပ်ပ္ပျာကျင်းကျေးရွာတွင် ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ဆပ်ပ္ပျာကျင်းကျေးရွာတွင် မီးလောင်မှုသတင်းအရ မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်တိုက်နယ် ဂုံညင်းဆိပ် ရဲကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဆပ်ပ္ပျာကျင်းကျေးရွာရှိ ကိုချစ်ဝင်းပိုင်ဆိုင်သည့် လူမနေ နွားစာတဲတွင် မောင်ဉာဏ်လင်းအောင် (၅)နှစ် ဆပ်ပ္ပျာကျင်းကျေးရွာနေသူနှင့် မောင်တေဇာပို (၄)နှစ် တစ်ရွာတည်းနေသူတို့ နှစ်ဦး မီးဖြင့် ဆော့ကစားရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦးမှာ (၁၀)ပေခန့်အကွာရှိ မောင်ဉာဏ်လင်းအောင်၏ နေအိမ် (၄)ပင် (၃)ခန်း၊ အလျား (၂၄)ပေ၊ အနံ (၁၂)ပေ   ဝါးကြမ်းခင်း ထရံကာ ထန်းရွက်မိုး တစ်ထပ်နေအိမ်အတွင်း ဝင်ရောက်ပုန်းနေစဉ် မီးမှာ အဆိုပါနေအိမ်သို့  ကူးစက်လောင်ကျွမ်းခဲ့ရာမှ ကလေးနှစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ကလေးနှစ်ဦးအား ရဲဆေးစာဖြင့် မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် မြင်းမူမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

(၀၇၇)