ရပ်စောက် ၂၃ မတ်
မီးလောင်မှုဖြစ်ပွားခဲ့ပါက အချိန်မီငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင်းခြင်းကို ယနေ့ နံနက် ၈ နာရီက ရပ်စောက်မြို့၊ မြို့မဈေးကြီးတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ဈေးသူဈေးသားများ စုပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
ပူပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးနှင့် မီးလောင်မှုဖြစ်ပွားခဲ့ပါက အချိန်မီငြှိမ်းသတ်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းနည်းစနစ်များ၊ အရေးပေါ်လူနာ ကယ်ဆယ်ရေး သရုပ်ပြကွက်များကို ရှင်းလင်းပြီး ဈေးသူဈေးသားများအား လက်တွေ့မီးငြှိမ်းသတ်စေကာ ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်နှင့် ဈေးကော်မတီဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ပြီး လက်တွေ့သရုပ်ပြသမှုများကို ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ဇော်ဝင်းလှိုင်(ရပ်စောက်)


