ရန်ကုန် ၃ စက်တင်ဘာ
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့မှ မီးသတ်တပ်ဖွဲ့ဝင် ဦးစီးအရာရှိများအား ဂျာမနီနိုင်ငံ Drager Co.,Ltd ထုတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုနည်း ဆရာဖြစ်(TOT) သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီက မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနား၌ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူက “နိုင်ငံတစ်ဝန်း ကြုံတွေ့ရမယ့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေးအန္တရာယ်နဲ့ ယာဉ်မတော်တဆဖြစ်မှုတွေကို ထိရောက်လျင်မြန်စွာ တုံ့ပြန်နိုင်ဖို့ ခေတ်မီစက်ကိရိယာ အသုံးပြုဖို့ လိုပါတယ်၊ အမျိုးသား သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ အချက်အလက်အရ ကျွန်တော်တို့နိုင်ငံမှာ ဘေးအန္တရာယ်အမျိုးမျိုးအနက် မီးဘေးအန္တရာယ်ဟာ (၇၀) ရာခိုင်နှုန်း တွေ့ရပါတယ်၊ ဒါကြောင့် ဒီသင်တန်းက နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေကနေ ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာဖြစ်တဲ့ SCBA, Breathing Air Compressors,Thermal Imaging Camera နဲ့ Gas detector တွေရဲ့ အသုံးပြုပုံ၊ ပြုပြင်ထိန်းသိမ်းပုံ တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်၊ ရှာဖွေကယ်ဆယ်ရေး အဆင့်မြင့် နည်းစနစ်များကိုလည်း နိုင်ငံတကာ စံနှုန်းအတိုင်း စာတွေ့လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
သင်တန်းသို့ မီးသတ်ဦးစီးဌာနမှ အရာရှိများ၊ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ဦးစီးအရာရှိအဆင့်ရှိ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို စက်တင်ဘာ ၂ ရက်မှ ၆ ရက်ထိ ဂျာမနီနိုင်ငံမှ နည်းပြဆရာများက သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး


