၂၈  နိုဝင်ဘာ

 

ပထမ ကလေးမွေးပြီးတာ သိပ်မကြာသေးဘူး။ နောက်ထပ်ကိုယ်ဝန်ရသွားတဲ့ အဖြစ်မျိုးတွေ ကြားဖူးမှာပါ။ ပထမကလေးကလည်း ငယ်သေး နောက်ကိုယ်ဝန်လည်း ထပ်ရှိတော့ အကုန်လုံး ဗျာများရတော့တာပေါ့။ ဒါတွေအားလုံးဟာ မီးဖွားပြီးနောက်ပိုင်း အချိန်သိပ်မခြားဘဲ နောက်ကိုယ်ဝန်မရအောင် ဘယ်လိုတားရလဲဆိုတာနဲ့ ပက်သက်တဲ့ အကြောင်းလေး မသိကြသေးလို့ ဖြစ်ရတာပါ။ ကိုယ်ဝန်တားချင်ပေမယ့် ဘယ်အချိန်ဆို တားဆေး၊ ထိုးဆေး သောက်လို့ ထိုးလို့ရပြီလဲဆိုတာကို မသိကြတဲ့သူတွေလည်းရှိတာကြောင့် ဒီဆောင်းပါးလေးကို ဖတ်ကြည်စေချင်ပါတယ်။ ။

 

ကလေးမွေးပြီးပြီးချင်း ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်လား ။ ။

 

ကလေးမွေးပြီး နို့တိုက်လား၊ နို့ဘူးတိုက်လား ဆိုတာပေါ်မူတည်ပြီး ရာသီပေါ်တာ အပြောင်းအလဲ ရှိတတ်ပါတယ်။ ကိုယ်ဝန်ရရှိခြင်းရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ သားဥက ရာသီမလာခင် ၂ ပတ်လောက်အလိုမှာ ကြွေတတ်တာကြောင့် ကိုယ်ဝန်ရသွားတာမျိုး ဖြစ်နိုင်ပါတယ်။

 

ကလေးမွေးပြီးနောက်ပိုင်း ၄၅ ရက် မရှောင်မိလိုက်တဲ့အခါ ကလေးနို့တိုက်နေရင်တောင်၊ ရာသီပြန်မလာသေးရင်တောင် နောက်ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်ပါတယ်။

 

အစောကြီးထဲက သန္ဓေတားမယ့် အစီအစဉ်ကို ကြိုဆွဲထားပါ။ ။

 

ဆေးရုံတွေမှာ ကလေးမွေးတဲ့အခါ ဆေးရုံကဆင်းပြီး ၆ ပတ်အကြာမှာ ကလေး မိခင် ကျန်းမာရေး ပြန်ကြည့်ဖို့ ရက်ချိန်ပြန်ချိန်းလေ့ရှိပါတယ်။ အတူနေတာကို ၄၅ ရက် ရှောင်ဖို့လည်း မှာလိုက်ပါလိမ့်မယ်။ သင့်အနေနဲ့ ဆရာမတွေ ပြောတဲ့အတိုင်း လိုက်နာပြီး ရက်ချိန်းပြန်ပြတဲ့အခါ သန္ဓေတားတဲ့အကြောင်း ဆွေးနွေးဖို့လိုပါလိမ့်မယ်။

 

ဒါဆို ကလေးမွေးပြီးနောက်ပိုင်း ဘယ်အချိန်မှာစပြီး သန္ဓေတားဖို့ လုပ်သင့်သလဲ။ ။

 

အမျိုးသမီးတစ်ယောက်ဟာ သန္ဓေတားဆေး အားလုံးနဲ့ တည့်တယ်ဆိုတာ မရှိပါဘူး။ ဒီလို မတည့်တဲ့သူ၊ အဆင်မပြေတဲ့သူတွေရှိလို့ သန္ဓေတားဆေး အမျိုးမျိုး ထွက်ပေါ်လာရတာပါ။ ကိုယ်နဲ့ ကိုက်ညီတဲ့ သန္ဓေတားနည်းကို ရွေးချယ်တတ်ဖို့လည်း အရေးကြီးပါသေးတယ်။ ကလေးမွေးပြီးနောက်ပိုင်း ဘယ်အချိန်မှာ ကိုယ်ဝန်ကို တားသင့်သလဲဆိုတာ ကိုယ်သုံးမယ့် သန္ဓေတားနည်းအပေါ်မှာလည်း မူတည်ပါသေးတယ်။

 

ကလေးနို့မတိုက်ဘူးဆိုရင် ကြိုက်တဲ့ သန္ဓေတားနည်းကို အသုံးပြုလို့ရပါတယ်။ ဘယ်အချိန်မှာစပြီး အသုံးပြုရမလဲဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

ကလေးနို့တိုက်နေတယ်ဆိုရင်

 

ပရိုဂျက်စတုန်း ဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးသောက်ဆေး

 

ကွန်ဒုံး

 

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း

 

လက်မောင်းတွင်းထည့် သန္ဓေတား ပစ္စည်းနဲ့

 

သားကြောဖြတ်တာ ကြိုက်တဲ့ နည်းကို သုံးလို့ရပါတယ်။

 

ကလေးနို့တိုက်ရင်တော့ ဟော်မုန်း နှစ်မျိုးပေါင်းထားတဲ့ တားဆေးသောက်ဆေးတွေကို မွေးပြီး ၆ ပတ်အကြာမှ သောက်သင့်ပါတယ်။ သူတို့က နို့အထွက်နည်းစေတတ်လို့ပါ။

 

ဒီတော့ အချုပ်ပြောရရင် ကလေးနို့တိုက်နေတယ်၊ ကိုယ်ဝန်ထပ်မရအောင်လည်း တားချင်ဆိုရင် မီးဖွားပြီး ၃ ပတ်ကနေ ၆ ပတ်အတွင်း သန္ဓေစတားလို့ရပါပြီ။ လူတစ်ယောက်နဲ့ တစ်ယောက်က ကွဲပြားမှုတွေရှိနိုင်တာမို့ ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်မယ့် သန္ဓေတားနည်းရယ်၊ ကိုယ့်ကျန်းမာရေးကိုလည်း အထိခိုက်နည်းတဲ့ နည်းလမ်းရယ်၊ ဘယ်အချိန်မှာ စသုံးရင် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်မလဲဆိုတာရယ်ကို ဆရာဝန်နဲ့ သေချာဆွေးနွေးသင့်ပါတယ်။

 

ရေးသားသူ Dr. Thin Yadanar @ Frances

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်”