ပခုက္ကူ ၁၁ ဇွန်
ကြံခင်း-ပခုက္ကူ မီးရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်ခဲ့သော မြေဧရိယာ ၄၀ ဒသမ ၄၅ ဧကအတွက် လျော်ကြေး ငွေကျပ် သိန်း ၆၀၀ ကျော်ပေးအပ်ပွဲကို ဇွန် ၁၁ ရက် နံနက် ၉ နာရီက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေနှင့် ပခုက္ကူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်တို့က အဖွင့်အမှာစကားပြောကြားကြပြီး မြန်မာ့မီးရထားအင်ဂျင်နီယာမှူး (မြို့ပြ) ဦးမင်းသိန်းစိုးက မီးရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့သော မြေဧရိယာဧကများအတွက် လျော်ကြေးငွေပေးအပ်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာ့မီးရထားဌာန၊ တိုင်းအမှတ်(၁၀) ပခုက္ကူနယ်မြေ၊ ကြံ့ခင်း-ပခုက္ကူရထားလမ်းများ ဖောက်လုပ်စဉ် ပခုက္ကူ-ကျွန်းချောင်း ရထားလမ်းပိုင်းတွင် မြေပါဝင်ခဲ့သော ညောင်လှ၊ မြစ်ခြေ၊ ကျွဲတဲကျေးရာများမှ တောင်သူ(၅၈)ဦး၊ ဦးပိုင်နေရာ (၆၁)ခုတို့၏ မြေဧရိယာ ၄၀ ဒသမ ၄၅ ဧကအတွက် မြေတန်ဖိုးစုစုပေါင်း လျော်ကြေးငွေကျပ် ၆၀၆၇၅၀၀၀ တို့အား တာဝန်ရှိသူများက အသီးသီးပေးအပ်ကြရာ မြေဧရိယာလျော်ကြေးငွေ လက်ခံရှိသည့် ပခုက္ကူမြို့နယ်၊ မြစ်ခြေမှ တောင်သူ ဦးခင်မောင်ကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ခရိုင်(ပြန်/ဆက်)


