မိုးကောင်း ၁၉ မတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ မတ် ၁၈ ရက်က ရထားလမ်းအား ဖြတ်ကူးမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ရထားပွတ်တိုက်မိ၍ ယာဉ်ပေါ်တွင်လိုက်ပါလာသူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက မြစ်ကြီးနားမှ မန္တလေးသို့ စက်ခေါင်းမောင်း ဦးခင်မောင်ဝင်း၊ရထားထိန်း ဦးစိုးမြတ်ဆွေ မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DF-11324 အမှတ် ၄၂ အစုန် ဒုတိယ အမြန်ရထားသည် မိုးကောင်းမြို့နယ် ဆားမှော်ဘူတာအနီး မီးရထားမိုင်တိုင်အမှတ် ၆၇၅/၁၇ နှင့် ၆၇၅/၁၈ အရောက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာနေ ဦးသက်မျိုးမွန်(ခ)ကိုသက် (၃၅)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-1L/---- ISUZU အမျိုးအစား မော်တော်ယာဉ်မှာ ရထားလမ်းဖြတ်ကူးစဉ် ရထားနှင့် ပွတ်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၁၇ ဦးအနက် အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သက်မျိုးမွန်(ခ)ကိုသက်အား မိုးကောင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)