ထီးချိုင့် ၁ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့ စည်ပင်သာယာရေးကော်မတီပိုင် သုဿန်သစ်တွင် မီးသင်္ဂြိုစက် စက်ရုံအဆောက်အဦးနှင့် သရဏဂုံဇရပ်တစ်ဆောင်တို့အား မြိုနယ်စည်ပင်သာယာရေးကော်မတီသို့ ရေစက်ချ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါသုဿန်သစ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေဂူတောင်ဆရာတော်လှူဒါန်းသော မီးသင်္ဂြိုလ်စက် စက်ရုံ သိန်း (၂၅၀) တန် အဆောက်အဦးနှင့် ဦးထိန်ဝင်း+ဒေါ်မိမိလေး (ဘားမားဂိုလ်း) ရွှေဆိုင်မိသားစုမှ လှူဒါန်းသော သိန်း (၁၀၀)တန် (၄) ခန်း (၅) ခန်း သရဏဂုံတင် ဇရပ်တစ်ဆောင်တို့၏ စာရွက်စာတမ်းများကို ရွှေဂူတောင်ဆရာတော်မှ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးမှ ရွှေဂူတောင်ဆရာတော်ကြီးအား ဂုဏ်ပြု မှတ်တမ်းလွှာ ဆက်ကပ်ခြင်း၊ စည်ပင်သာယာရေး အလုပ်အမှုဆောင်အရာရှိ ဦးခိုင်လွင်သန့်မှ ဇရပ်အလှူရှင် မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား ရွှေဂူတောင်ဆရာတော်မှ ရေစက်ချတရားတော်များ ချီးမြှင့်ကာ ဆရာတော်များမှ ဝေနေယျ သတ္တဝါအပေါင်းတို့အား မေတ္တာပို့သပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)


