ရန်ကုန် စက်တင်ဘာ ၄

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများသို့ သွားရောက်၍ မီတာများ စနစ်တကျ မှန်ကန်စွာဖတ်ရှုရေး၊ ယူနစ်ဖတ်ချက်များ မှန်ကန်ကြောင်း မီးသုံးသူမှ အတည်ပြု လက်မှတ်ရေးထိုးရေးနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ ၂၃၀ ကေဗွီ ခရမ်းပင်မဓာတ်အားခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဇွဲပလိုင် ဓာတ်အားခွဲရုံများသို့လည်းကောင်း၊ သုံးခွမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဥက္ကံဝဓာတ်အားခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ သိုက်တူးကန် ဓာတ်အားခွဲရုံများသို့လည်းကောင်း သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ မီတာများ စနစ်တကျမှန်ကန်စွာ ဖတ်ရှုရေး၊ ယူနစ်ဖတ်ချက်များ မှန်ကန်​ကြောင်း မီးသုံးသူမှ အတည်ပြုလက်မှတ်ရေးထိုးရေး၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရန် ဓာတ်အားခွဲရုံ အင်္ဂါရပ်များနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေး အသေးစိတ်မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ သန်လျင်မြို့နယ် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ သူဌေးကွင်းဓာတ်အားခွဲရုံသို့ သွားရောက်ကာ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်း/ဓာတ်ပုံ- သစ္စာ(mna)