မီးတောင်ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်လာ

၃၀ ဇန်နဝါရီ

ပေါက်ကွဲနေတဲ့ မေယွန်မီးတောင်ရဲ့ အလှအပတွေကို အံ့သြမှင်သက်စွာ ကြည့်ရှုခံစားဖို့ လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေက ငရုတ်သီးအနံ့အရသာနဲ့  ဖန်တီးထားတဲ့ "Mayon Hot Lava" ချော်ရည်ရေခဲမုန့်ကို  ရှုခင်းကြည့်ရင်းစားဖို့ ဝယ်ယူနေတာကြောင့်  ဖိလစ်ပိုင်ရဲ့ ဆင်းရဲနွမ်းပါးတဲ့ မီးတောင်ဒေသတစ်ဝိုက်က ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ အလုပ်ဖြစ်နေကြပါတယ်။ အဆိုပါ အယ်လ်ဘေး (Albay) ပြည်နယ်ဟာ မေယွန်မီးတောင်ကြောင့် ပန်းချီကားတစ်ချပ်လို ရှုမျှော်ခင်းလှပပေမယ့် မီးတောင်ပေါက်ကွဲချိန်မှာတော့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။

မေယွန်မီးတောင်ဟာ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ချော်ရည်တွေ စီးကျနေခဲ့တာကြောင့် အန္တရာယ်ဇုန် အဖြစ်သတ်မှတ်ထားတဲ့ ၅ ဒဿမ ၆ မိုင်ပြင်ပက ဟော်တယ်တွေနဲ့ စားသောက်ဆိုင်တွေလောက်သာ ခရီးသွားတွေဆီက အကျိုးအမြတ်ကို ရကြပါတယ်။

“ခရီးသွားဧည့်သည်တွေ အများကြီးရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း ဒေသခံ လူအတော်များများ ထိခိုက်ရတဲ့အတွက် အပြစ်ရှိသလိုလည်း ခံစားရတယ်” လို့ ဒေသခံ ဧည့်ကြိုဝန်ထမ်း တစ်ဦးက ပြောကြားခဲ့ပါတယ်။

မီးတောင်တစ်ဝိုက်က လူပေါင်း ကိုးသောင်းနီးပါး ထွက်ပြေးခဲ့ရပြီး ကျပ်သပ်နေတဲ့ ယာယီကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေရပါတယ်။

မေယွန်မီးတောင်ဟာ နှစ်ပေါင်းလေးရာအတွင်း ငါးဆယ့်နှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး မီးတောင်လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်တွင်းက  မီးတောင်ရှင်  ၂၂ လုံးအနက် ပေါက်ကွဲမှုအများဆုံး မီးတောင်တစ်ခု ဖြစ်ပါတယ်။

ပြည်ပခရီးသွား ဦးစားပေးစီးပွားရေးလုပ်ငန်းတွေက မေယွန်မီးတောင် ဓာတ်ပုံတွေ၊ သင်္ကေတတွေနဲ့ ရေပန်းစားနေတဲ့ စားစရာတစ်မျိုးကို စာစောင်တွေကနေတစ်ဆင့် လှုံ့ဆော်ခဲ့ကြတာကြောင့် ထိုဒေသက စားသောက်ဆိုင်တစ်ခုမှာ အရောင်းရဆုံးက "Mayon Hot Lava" အမည်ရ ရေခဲမုန့် ဖြစ်နေပါပြီ။ ရေခဲမုန့်ကို မေယွန်မီးတောင်ပုံသဏ္ဍာန်ဖေါ်ထားပြီး အပေါ်ပိုင်းမှာ ငရုတ်သီးအစပ်အရသာ အနည်းငယ်ပါတဲ့ သကြားရည်ဆမ်းထားပြီး စားချင်စဖွယ် ဖန်တီးထားပါတယ်။

မြို့တွင်းမှာ သတင်းထောက်တွေ ကင်းမဲ့နေတာကြောင့် အထပ်မြင့် ဟော်တယ်တွေမှာ မီးတောင်ပေါက်ကွဲနေတာကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားအစီအစဉ် ဖွင့်ပေးထားပြီး ခရီးသွားဧည့်သည်တွေဟာ မီးတောင်ကိုကြည့်ရှုနိုင်တဲ့ အခန်းတွေကနေ တဖြည်းဖြည်းချင်း မီးတောင်ပေါက်ကွဲတာကို ကြည့်ရှုခံစားနေကြပါတယ်။

ဇန်နဝါရီလအတွင်း ဧည့်ဝင်ရောက်မှု ပုံမှန်ထက် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ ဖိလစ်ပိုင် ပြည်တွင်းခရီးသွား လုပ်ငန်းရုံးက ထုတ်ပြန်ထားပါတယ်။

 

ဘာသာပြန် > မိုးမမ
ကိုးကား > ရိုက်တာ