မိတ္ထီလာ မတ် ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာကို အကျိုးပြုသည့် ကျေးလက်ကုန်ထုတ်လမ်း ၉ လမ်း ဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်လမ်း ဖောက်လုပ်ခြင်းကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၈)ခုမှ ကုန်ထုတ်လမ်း (၉)လမ်း အရှည် (၉/၁ ဒသမ ၀၈)မိုင်၊ အကျယ် ၁၂ ပေ၊ မြေသားထု ၂ လက်မ၊ ဂျင်း ၉ လက်မဖြင့် စုစုပေါင်း ခွင့်ပြုငွေကျပ် ၄၇၄ ဒသမ ၈၅၇ သန်းဖြင့် ဇွန် ၁၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း (၄)လမ်း၊ မလှိုင်မြို့နယ်တွင် (၂)လမ်း၊ သာစည်မြို့နယ်တွင် (၁)လမ်းနှင့် ဝမ်းတွင်းမြို့နယ်တွင် (၂)လမ်းတို့ကို ဖောက်လုပ်ခဲ့သည့်အပြင် ၎င်းလမ်းများပေါ်ရှိ မြောင်းကူးတံတား (Slab Culvert) ၁၈ စင်း၊ ရေကျော် ၅ ခုတို့ကို ခွင့်ပြုငွေကျပ် ၉၉ ဒသမ ၈၆ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးဖြစ်သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပြီးစီးပြီဖြစ်၍ ကျေးရွာ ၂၆ ရွာမှ အကျိုးပြု စိုက်ပျိုးဧက ၄၅၈၀ ဧက၊ လူဦးရေ ၁၆၄၉၂ ဦးတို့၏ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီ သယ်ယူပို့ဆောင်နိုင်ပြီး လူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)