နေပြည်တော် ၂၁ မတ်

 

မီးဝစခန်းအား ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ ထားသည့် AA အဖွဲ့အား တပ်မတော်စစ်ကြောင်းများ က တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

AA အဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက်မှစ၍ ပလက်ဝ - ကျောက်တော်လမ်းကြောင်းနှင့် မီးစာ - မတူပီ  လမ်းကြောင်းဆုံရာ နေရာတွင်တည်ရှိပြီး ဒေသတွင်း အချက်အချာကျသည့် မီးဝစခန်းအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ သို့အတွက် စစ်ကူတပ်များအားစေလွှတ်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ် ၁၁ ရက်တွင် တင်းမကျေးရွာ၊ မတ် ၁၃ ရက်တွင် ပြိုင်းတိုင်းကျေးရွာနှင့် အနီးတစ်ဝိုက်၊ မတ် ၁၄ ရက်တွင် မုန့်သန်းပြင် ကျေးရွာနှင့် အနီးတစ်ဝိုက်တို့အား ပြန်လည် ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အထက်ပါဖြစ်စဉ်များတွင် အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိ ခဲ့ကာ AA အဖွဲ့လည်း သေဆုံး/ဒဏ်ရာ ရရှိမှုများရှိခဲ့ကြောင်း။

 

တပ်မတော်စစ်ကြောင်းများ၏ ချီတက်ထိုးဖောက် တိုက်ခိုက်မှုများကြောင့် လူစုကွဲနေသည့် အရာရှိ၊ စစ်သည်  ၁၃ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့သော်လည်း လက်ရှိအချိန်အထိ အရာရှိ၊ စစ်သည်အချို့ ပျောက်ဆုံးလျက်ရှိပြီး ပြန်လည်ကယ်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

 

AA အဖွဲ့သည် ပလက်ဝနှင့် ကျောက်တော် ကားလမ်းကြောင်းနှင့် ရေလမ်းကြောင်းကို စိုးမိုးထားသော နှုန်းဘူး စခန်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တိုက်ခိုက်ခြင်း၊ ပလက်ဝဒေသ အနောက်မြောက်ဘက်ခြမ်း နယ်စပ် ဒေသအနီးရှိ စခန်းများအား၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်ခြင်း၊ ဘူးသီးတောင်-ရသေ့တောင် ဒေသအတွင်းရှိ ရက်ခုံတိုင်ကျေးရွာအနီးနှင့် ရေစီးချောင်း ကျေးရွာတစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော စစ်ကြောင်းများအား ဖေဖော်ဝါရီ ၂ ရက်နှင့် ၁၀ ရက် တို့တွင် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများ၏ ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဆုတ်ခွာသွားခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်ထုတ်ပြန်ချက်အရ သိရသည။

 

သတင်းစဉ်