တိုကျို   ဇွန်   ၁၇

ဂျပန်မိုးလေဝသအေဂျင်စီသည် တိုကျိုမြို့တောင်ဘက်မှ မီးတောင်ကျွန်းဖြစ်သည့် မီယာကေဂျီးမား အတွက်    မီးတောင်ပေါက်ကွဲမှုသတိပေးချက်အဆင့်ကို  မြှင့်တင်လိုက်ကြောင်း သိရသည်။

အဆိုပါ အေဂျင်စီသည်  ဇွန် ၁၇ ရက်အစောပိုင်းတွင် မီးတောင်ထိပ်ဝအောက်ရှိ ငလျင်လှုပ်ရှားမှုကို လေ့လာစောင့်ကြည့်ပြီးနောက် ယင်းနေ့ မွန်းလွဲ ၁၂ နာရီ  မိနစ် ၅၀ တွင် သတိပေးချက်အဆင့် -၂ ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ သတိပေးချက် အဆင့်-၅  ဆင့်ရှိသည့်အနက် သတိပေးချက် အဆင့်-၂ မှာ  ဒုတိယအနိမ့်ဆုံး သတိပေးချက်ဖြစ်ကြောင်း သိရသည်။

မီးတောင်ထိပ်ဝအနီး နေရာများကို သက်ရောက်မှုရှိနိုင်သည့် ပေါက်ကွဲမှုဖြစ်ပွားနိုင်ကြောင်း အေဂျင်စီကပြောသည်။ သတိပေးချက်တွင် ပြည်သူများအနေဖြင့် မီးတောင်ဝဆီချဉ်းကပ်ခြင်းမှ ရှောင်ရှားကြရန်နှင့်   မီးတောင်ချိုင့်ဝှမ်းနှင့်အနီးဝန်းကျင်တွင် နေထိုင်သောသူများအနေဖြင့် မီးတောင်ပေါက်ကွဲသည့်အခါ ထွက်ပေါ်လာသည့် ပြာပူ ကျောက်ခဲအပိုင်းအစကြီးများကို သတိထား ကြရန် တိုက်တွန်းထားသည်။

၂၀၀၀ ပြည့်နှစ်တွင် မီးတောင်လှုပ်ရှားမှု ပြင်းထန်လာပြီး ပြာများကျလာခြင်းနှင့် မီးတောင်ဓာတ်ငွေ့    အမြောက်အမြား ထုတ်လွှတ်ခဲ့ပြီးနောက်  ဒေသခံများအား ကျွန်းမှ ဘေးလွတ်ရာသို့   ပြောင်းရွှေ့ စေခဲ့ကြောင်း၊   ဒေသခံများသည်  ကျွန်းပေါ်မှအခြေအနေများကြောင့်  လေးနှစ်ခွဲခန့်ကြာသည်အထိ ပြန်မလာနိုင်ခဲ့ကြကြောင်း သိရသည်။  ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အဆိုပါကျွန်း၌    မီးတောင် ပေါက်ကွဲမှုဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။                                                                                                                           

အင်န်အိတ်ချ်ကေ