၁၃ မေ
မိကျောင်းဆွဲခံရလို့၊ ဆင်နင်းလို့၊ ငါးပူတင်းစားမိလို့ သေကျေကြရတဲ့ အသေအပျောက်စာရင်းကို အရင်နှစ်တွေတုန်းက ကြိုးကြား ကြိုးကြားဖတ်မိပေမယ့် အခု ၂၀၁၉ ခုနှစ်ရဲ့ နှစ်ဦးပိုင်းအစမှာပဲ ထူးထူးခြားခြားဆိုသလို အဲဒီသတင်း သုံးမျိုးလုံးကို နေ့စဉ်ထုတ် သတင်းစာတွေမှာ မရှေးမနှောင်းဆိုသလို ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖတ်ရှုလိုက်ရပါတယ်။
အခုနှစ်ဖေဖော်ဝါရီလအတွင်း ဘိုကလေးဆတ်ကျွန်းရွာမှာ အမျိုးသားတစ်ဦး ဘဝင်းထောင်ရင်း မိကျောင်းဆွဲခံရပြီး သေဆုံးသွားခဲ့ပါတယ်။ မတ်လအတွင်းမှာတော့ လပွတ္တာဘက်မှာ မိသားစုခြောက်ဦး ငါးပူတင်းချက်စားရာက ကလေးငယ်နှစ်ဦး သေဆုံးသွားပြီး အဲဒီလမှာပဲ ကော့သောင်းခရိုင်အတွင်း မောင်နှမနှစ်ယောက် တောဆင်ရိုင်းအလိုက်ခံရလို့ ပြေးကြရာမှာ အစ်မဖြစ်သူ ဆင်နင်းခံရပြီး သေဆုံးခဲ့ရတဲ့ သတင်းတွေပါ။
သဘာဝတောရိုင်းတိရိစ္ဆာန်တွေကြောင့် လူသားတွေအသက်အန္တရာယ်ဖြစ်တဲ့အထဲမှာ မိမိသတိထားမိသလောက်က မိကျောင်းအန္တရာယ်ဟာ ဘိုကလေးတစ်မြို့နယ်အတွင်းမှာရှိတဲ့ မိန်းမလှကျွန်းအနီးတစ်ဝိုက်က ကျေးရွာတွေမှာသာ နှစ်စဉ်လိုလိုဖြစ်ပွားနေတာ မှတ်တမ်းတွေအရ တွေ့ရှိရပါတယ်။
ဘိုကလေးနယ်တစ်ဝိုက်မှာ တွေ့ရှိတဲ့ မိကျောင်းတွေဟာ Crocodile မျိုးစိတ်ဝင် ရေငန်မိကျောင်းမျိုးဖြစ်ပြီး အဲဒီ မိကျောင်းတွေရဲ့ သဘာဝက ဖေဖော်ဝါရီ၊ မတ်နဲ့ ဧပြီလများမှာ မိတ်လိုက်ပြီး ဩဂုတ်လအတွင်းမှာ အသိုက်ကိုက်ဥချလေ့ရှိ ပါတယ်။ မိကျောင်းတွေဟာ မိတ်လိုက် ဥချချိန်နဲ့ သားပေါက် ချိန်တွေမှာ ရန်လိုစိတ်ပြင်းပြတာမို့ အန္တရာယ်အင်မတန်ကြီးပါတယ်။
မှတ်တမ်းတွေအရ မိကျောင်းဆွဲခံရမှုအများဆုံး ဖြစ် ပွားတဲ့လပိုင်းတွေက မိကျောင်းတွေ မိတ်လိုက်ဥချတဲ့ လပိုင်းတွေမှာ အများဆုံးဖြစ်ပွားတာကို တွေ့ရှိရပါတယ်။ အဲဒါကြောင့် အဲဒီလပိုင်းတွေမှာ ရေလုပ်ငန်းလုပ်ကိုင်တဲ့သူတွေဟာ အထူးဆင်ခြင်ရမှာ ဖြစ်ပါတယ်။ ချောင်းမြောင်းတွေမှာ ငါးထောင်ပိုက်ချတဲ့အခါမျိုးတွေနဲ့ မြစ်ချောင်းတွေထဲ သွားလာလုပ်ကိုင်ရတဲ့ အခါမျိုးတွေမှာ အထူးသတိပြုရမှာဖြစ်ပါ တယ်။
အစုအဖွဲ့လိုက်ဆောင်ရွက်ခြင်းဖြင့် ကြိုတင်ကာကွယ်
လုပ်ငန်းသဘောအရ မဖြစ်မနေ လုပ်ကိုင်သွားလာရတဲ့ အခါမှာလည်း လုပ်ငန်းတူအစုအဖွဲ့တွေနဲ့ စုဝေးသွားလာ လုပ်ကိုင်ကြရင် မိကျောင်းအန္တရာယ်ကို ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။ သက်ဆိုင်ရာဌာနရဲ့ စာရင်းထုတ်ပြန်ချက်အရ ဘိုကလေးမြို့နယ်အတွင်း မိန်းမလှကျွန်းတစ်ဝိုက်မှာ အရွယ် ရောက် မိကျောင်းကြီးကောင်ရေ ၅၀ ခန့်နဲ့ မိကျောင်းငယ် ၁၀ဝ ကျော်ရှိတယ်လို့ဆိုပါတယ်။ အဲဒီမိန်းမလှကျွန်းကြီးဟာ ဘိုကလေးမြို့နယ် ပင်လယ်ကမ်းခြေဒေသအတွင်းမှာရှိတဲ့ တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောကြီး ဖြစ်ပါတယ်။
တောရိုင်းတိရိစ္ဆာန်ဆိုတဲ့စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ နေရင်းဒေသအတွင်း သဘာဝအတိုင်း ပေါက်ဖွားကျက်စားလေ့ရှိတဲ့ သို့မဟုတ် နေရင်းဒေသကနေ တခြားနေရာကိုအကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ တိရိစ္ဆာန်၊ ငှက်၊ ရေနေသတ္တဝါ နဲ့ ပိုးမွှားတွေကို ဆိုလိုသည်ဟု ဖော်ပြထားပါတယ်။ မိကျောင်းတွေ ဟာ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အတွက် လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရိစ္ဆာန်တွေစာရင်းမှာ ဂင်္ဂါမိကျောင်းမျိုးစိတ်ကို ထည့်သွင်းထားပြီး ကျန်မိကျောင်း မျိုးတွေကိုတော့ သာမန်ကာကွယ်ထားသော တောရိုင်းတိရ္ဆာန်တွေစာရင်းမှာ ထည့်သွင်းထားပါတယ်။
ရိုးမတောင်တန်းများအနီးနေထိုင်သူများ ဆင်ရိုင်းအန္တရာယ် သတိပြု
တောရိုင်းဆင်တွေ အန္တရာယ်ကတော့ ရခိုင်ရိုးမ၊ ပဲခူးရိုးမ အစရှိတဲ့ ရိုးမတောင်ကြီးတွေနဲ့ အဆက်အစပ်နယ်မြေတွေဖြစ်တဲ့ တိုက်ကြီး၊ အင်းတကော်ဘက်နဲ့ ပုသိမ်ခရိုင်နယ်ဘက်တွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ တောရိုင်းဆင်တွေရဲ့ အလေ့အထက လူသူကင်းဝေးရာ တောနက်တွေထဲမှာ ကျက်စားတဲ့ သဘာဝ ရှိတာပါ။ ဒါပေမယ့် ရာသီဥတုနဲ့ လူ့ပယောဂကြောင့် သစ်တော တွေပြုန်းတီး၊ စားကျက်တွေ ပျက်စီးပြီး အစာရေစာ ရှားပါးပြတ် လပ်လာတဲ့အခါ သီးနှံဥယျာဉ်ခြံစိုက်ခင်းတွေရှိရာကို ဝင်ရောက်လာပြီး လမ်းကြောင်းမှာရှိတဲ့ တွေ့တဲ့လူသူတွေကို အန္တရာယ်ပြု တော့တာပါ။
ဒါကြောင့်မို့ တောဆင်ရိုင်းတွေ ဝင်လာတတ်တဲ့ လမ်းကြောင်းနဲ့ နီးစပ်ရာ ကျေးလက်တောရွာတွေမှာ နေထိုင်သူတွေဟာ ချိန်ခါမရွေး ဝင်လာတတ်တဲ့ ဆင်ရိုင်းအန္တရာယ်အတွက် အသွားအလာ အနေအထိုင် အမြဲသတိရှိနေရမှာဖြစ်ပါတယ်။ အာရှတိုက်မှာ အိန္ဒိယပြီးရင် မြန်မာနိုင်ငံဟာ ဆင်ကောင်ရေ အများဆုံးရှိတဲ့ နိုင်ငံလို့ဆိုပါတယ်။ အခုအခါမှာတော့ မဆင်မခြင် တောရိုင်းတိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီး တရားမဝင်ကူး သန်းရောင်းဝယ်မှုတွေပြုနေကြလို့ ဆင်ကောင်ရေဟာ ကြောက်ခမန်းလိလိ ကျဆင်းလာပြီး မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ် ကျရောက်နေတာကြောင့် ဆင်ကို လုံးဝကာကွယ်ထားတဲ့ တောရိုင်တိရိစ္ဆာန်တွေစာရင်းမှာ ထည့်သွင်းထားရပြီးဖြစ်ပါတယ်။ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ တောရိုင်းတိရ္ဆာန်တွေကို သတ်ဖြတ်တာ၊ အမဲလိုက်တာ၊ အနာတရဖြစ်စေတာတွေကို ပြုရင် ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀ သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေ သတ်မှတ်ထားရှိပါတယ်။
အဆိပ်အတောက်ရှိတဲ့ အစားအစာတွေကို စားမိလို့ သေဆုံးကြတဲ့အထဲမှာ မှိုပြီးရင် ဒုတိယအများဆုံးက ငါးပူတင်း စားမိလို့ သေဆုံးကြရတာဖြစ်ပါတယ်။ ငါးပူတင်းရဲ့ အင်္ဂလိပ် အမည်က Puffer fish ဖြစ်ပါတယ်။ ရေငန်ငါးမျိုးဖြစ်ပြီး မျိုးစိတ်အများအပြားရှိပါတယ်။ ငါးပူတင်းမျိုးစိတ်တိုင်းလိုလို အဆိပ်ရှိပြီး အဆိပ်တည်ရှိရာ အပိုင်းကအသည်းနဲ့ တချို့ ငါးပူ တင်းမျိုးစိတ်တွေမှာ အရေခွံမှာလည်း အဆိပ်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ ငါးပူတင်းမျိုးစိတ်တိုင်းမှာ အဆိပ်ရှိပါတယ်။
ငါးပူတင်းမှာတွေ့ ရှိရတဲ့ အဆိပ်အမျိုးအစားက (Tetrodotoxin) အဆိပ်အမျိုးအစားဖြစ်ပြီး စားမိပါက လူကို သေစေနိုင်တဲ့ အဆိပ်အမျိုးအစားဖြစ်ပါတယ်။ လေ့လာသိရှိ ချက်တွေအရ မြန်မာနိုင်ငံအတွင်း ငါးပူတင်းစားမိလို့ သေဆုံး သူတွေဟာ ငါးပူတင်း အသည်းနဲ့ဥတွေကို စားသုံးမိပြီး သေဆုံးကုန်ကြတာဖြစ်ပါတယ်။ တချို့က ငါးပူတင်းဝမ်းဗိုက်ကို ကွက်လှီးဖယ်ထုတ်ပြီး ချက်ပြုတ်စားသုံးကြပါတယ်။ ဂျပန် လိုနိုင်ငံမှာ ငါးပူတင်းကိုစားသုံးဖို့ ခုတ်ထစ်လှီးဖြတ်ပေးတဲ့သူ တွေဟာ သီးသန့်လိုင်စင်ရှိရတယ်လို့ ဂျပန်မိတ်ဆွေတစ်ဦးက ပြောပြပါတယ်။ ဒါတောင် ဂျပန်မှာ ငါးပူတင်းစားမိလို့ နှစ်စဉ် သေဆုံးရတဲ့စာရင်းတွေ ရှိတယ်လို့ ဖတ်ရှုရပါတယ်။ ငါးပူတင်းမှာ အဆိပ်ရှိကြောင်းမသိလို့ စားမိတာကို ခွင့်လွှတ်နိုင်ပေမယ့် အဆိပ်ရှိမှန်းသိရက်နဲ့ အရဲစွန့်ပြီး စားတာကိုတော့ မိုက်မဲတယ် လို့ဆိုချင်ပါတယ်။
ကံကိုယုံ၍ ဆူးပုံမနင်းရာ
မြန်မာမှုနယ်ပယ်မှာကျားရဲရာကြမ္မာမရိုးသာ၊ ကံကိုယုံ၍ ဆူးပုံမနင်းရာရယ်လို့ ဆိုရိုးစကားရှိပါတယ်။ ကျားပေါတဲ့တောထဲကို ကံကိုယုံပြီး ဇွတ်တိုးဖို့မသင့်ဘူးလို့ ဆိုလိုတာပါ။ ထိုနည်းတူ ကံကောင်းရင်တော့ ဆူးစူးမှာမဟုတ်ဘူးလို့ ယုံကြည်ပြီး ဆူးပင်ကိုတက်နင်းရင်တော့ ဆူးစူးမိမှာ မလွဲဧကန်ပါ။ ဒါကြောင့် မိကျောင်းရဲတဲ့နေရာတွေ၊ ဆင်ရိုင်းတွေ လာတတ်တဲ့နေရာတွေကို အရဲစွန့်ပြီး အကာအကွယ်မဲ့စွာနဲ့ လုပ်ကိုင် သွားလာလှုပ်ရှားကြဖို့ မပြုသင့်ဘူးလို့ အကြံပြုလိုပါတယ်။
ဘိုကလေးမြို့နယ်ထဲမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရ္ဆာန် ထိန်းသိမ်းရေးဌာနကနေ မိကျောင်း အန္တရာယ်ရှိသည် ရေထဲမဆင်းရ ဆိုတဲ့သတိပေးဆိုင်းဘုတ်တွေက မိန်းမလှကျွန်းပတ်ဝန်းကျင်ကျေးရွာတွေမှာ စိုက်ထူ ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဥစ္စာကံစောင့် အသက်ဉာဏ်စောင့်လို့ဆိုသလို မိကျောင်းရန်၊ ဆင်ရိုင်းရန် တွေ အများဆုံးကြုံကြရတဲ့ဒေသတွေမှာ ဒေသခံတွေဟာ အသက်အန္တရာယ်ပြုတတ်တဲ့ တောရိုင်းတိရိစ္ဆာန်သဘာဝကို လေ့လာထားကြဖို့နဲ့ အတင့်မရဲဘဲ အသွားအလာ အနေအထိုင်ကို အထူးသတိပြု ဆင်ခြင်ကြဖို့ရာ တိုက်တွန်းလိုက်ရ ကြောင်းပါဗျာ...။
စံလွင်(ငါးဦးစီး)