ဘိုကလေး ဧပြီ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငန်စပ် မိကျောင်းများ မျိုးပွားခိုလှုံကျက်စားရာ ဒေသများဖြစ်သည့်အတွက် အဆိုပါဒေသများရှိ မိကျောင်းများသည် ဧပြီလမှ ဇွန်လအထိ မိတ်လိုက်လေ့ရှိသဖြင့် မိကျောင်းများ၏ သဘာဝအမူအကျင့်ရသော် လည်းကောင်း၊ အစာအာဟာရကြောင့်သော် လည်းကောင်း လူနှင့် တိရစ္ဆာန်များအတွက် မိကျောင်း အန္တရာယ်ရှိနေသည် ဖြစ်သည်။

 

အဆိုပါ မိတ်လိုက်ရာသီကာလအတွင်း ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ ဒီရေတောများနှင့် ဆက်စပ်ရာ ဒေသများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများသည် ချောင်းကပ်စပ်များ၌ အိမ်မွေးတိရစ္ဆာန်များ မွေးမြူလွှတ်ကျောင်းရန် မသင့်ကြောင်း၊ ရေလုပ်ငန်းလုပ်ကိုင်ခြင်းနှင့် ချောင်းအတွင်း ရေချိုးဆင်းခြင်းများတွင် ဂရုပြုရန်လိုအပ်ကြောင်း၊ ချောင်းအတွင်းသို့ ဒိုင်ပင်ထိုးရေဆော့ကစားခြင်းများ မပြုလုပ်ကြရန် မိန်းမလှကျွန်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ နှစ်စဉ် သတိပေးနှိုးဆော်လျက်ရှိကြောင်းနှင့် ဘိုကလေးမြို့နယ်အတွင်းရှိ ဒီရေတောများနှင့် ဆက်စပ်ရာ ဒေသများတွင် မိကျောင်းများ မိတ်လိုက်၊ အသိုက်ဖွဲ့၊ သားပေါက်သည့် ကာလများတွင် နှစ်စဉ်နှစ်တိုင်း မိကျောင်းဆွဲခံရမှုများ ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)